ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နတ်ခွန်ရာချတ်ဆီမာပြည်နယ်ထဲက ဆီခူဒေသမှာ မနေ့က ဇန်နဝါရီ ၁၄ ရက်မှာ ခုတ်မောင်းလာတဲ့ရထားပေါ်ကို ကရိန်းပြုတ်ကျခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူ အရေအတွက်မြင့်တက်လာသလို ဒဏ်ရာရသူအရေ အ တွက်လည်း ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ်။
မနေ့က ဖြစ်စဉ်ဖြစ်ပွားအပြီး သေဆုံးသူ ၂၀ ဦးကျော်နဲ့ ဒဏ်ရာရသူ ၃၀ဦးကျော်
အထိ ရှိနေရာကနေ ဒေသခံကယ်ဆယ်အဖွဲ့ရဲ့ ရှာဖွေကယ်ဆယ်တဲ့စာရင်းအရ ထပ်မံမြင့်တက်လာတာဘဲဖြစ်တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဖြစ်စဉ်အတွင်း ရထားတွဲတချို့ ပိမိပြီး ပျက်စီးသွားခဲ့ရသလို တချို့နေရာတွေမှာ မီးလောင်မှုပါ ဖြစ်ပွားခဲ့ပါတယ်။ ရထားတွဲအချို့လည်း သံလမ်းပေါ်ကနေ ချော်ထွက်ကုန်တာပါ။
ကရိန်းပိမိခဲ့တဲ့ ရထားပေါ်မှာ စုစုပေါင်း ခရီးသည် ၁၇၁ ဦးခန့် စီးနင်းလိုက်ပါခဲ့တယ်လို့ ရထားပို့ဆောင်ရေးဌာန တာ ဝန်ရှိသူတွေက ပြောကြားထားပြီး ထိုင်းအ စိုးရ ရထားပို့ဆောင်ရေးဌာနကတော့ ကရိန်းကို တာဝန်ယူလုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီကို တရားစွဲဆိုမယ်လို့ ထုတ်ပြန်ထားပါတယ်။
တာဝန်ယူဆောင်ရွက်နေတဲ့ ကုမ္ပဏီဟာ
Italian-Thai Development ကုမ္ပဏီဖြစ်ပြီး သေဆုံးသူတွေကို တစ်ဦးဘတ် ၈ သောင်းစီနဲ့ ဒဏ်ရာရသူတွေကို တစ်ဦးဘတ် ၄သောင်းစီ လျော်ကြေးပေးအပ်သွားမယ်လို့ ထိုင်းသတင်းတွေအရ သိရပြီး ဖြစ်စဉ်ကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကနဦး နစ်နာကြေး ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပါတယ်။
အနူတင်က ဒီပမာဏဟာ လုံးဝ မလုံ လောက်ကြောင်း၊ နစ်နာကြေးဟာ ဘတ်သန်းနဲ့ချီ များပြားဖို့လိုကြောင်း၊ ဒီလို မစို့ မပို့ ကမ်းလှမ်းမှုဟာ နစ်နာသူတွေနဲ့ မိ သားစုဝင်တွေကိုသာမကဘဲ အစိုးရကိုပါ ပါးဖြတ်ရိုက်လိုက်တာနဲ့ တူနေကြောင်း ဝန်ကြီးချုပ်က ဝေဖန်ခဲ့ပါတယ်။
ကျိုးကျခဲ့တဲ့ ကရိန်းဟာ တရုတ်က ရင်း နှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ၅.၄ ဘီလီယံတန် ပရောဂျက်တစ်ခုရဲ့ ခုံးကျော် ရထားလမ်းတစ်ခုတည်ဆောက်နေမှုမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ဟာ ဘန်ကောက်မြို့ကို အိမ်နီးချင်း လာအိုနိုင်ငံနဲ့ အဝေးပြေး ရထားသံလမ်း ဆက်သွယ်ဖို့ ရည်ရွယ်ထားတာလို့လည်း သိရပါတယ်။
ကိုးကား-BBC
ဓာတ်ပုံ-AFP


