Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ မြန်မာတွေ အဆမတန် များပြားနေမှုကို ထိန်းသိမ်းကန့်သတ်ပေးဖို့ ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ မြန်မာတွေ အဆမတန် များပြားနေမှုကို ထိန်းသိမ်းကန့်သတ်ပေးဖို့ ထိုင်းနိုင်ငံသားတွေ မြန်မာသံရုံးရှေ့ ဆန္ဒပြ

၂၃ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာနိုင်ငံသားတွေ အဆမတန်များပြားနေတာကို ထိန်းသိမ်းကန့်သတ်ဖို့ ထိုင်းနိုင်ငံသားတချို့ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးရှေ့မှာ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့နေ့လည်ပိုင်း ၁၂ နာရီခွဲကနေ နေ့လည် ၂ နာရီခွဲလောက်အထိ စစ်ကောင်စီရဲ့ မြန်မာသံရုံးရှေ့မှာ ထိုင်းနိုင်ငံသား ၂၀ ဝန်းကျင်က မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ အဆမတန် ဝင်ရောက်နေထိုင်တာကို ကန့်ကွက်ခဲ့ပြီး စစ်ကောင်စီက ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာလည်း စက်တင်ဘာလ ၁၅ ရက်က မြန်မာတွေ အများအပြားဝင်ရောက်နေထိုင်မှုကို လူအင်အား ၅၀ ဝန်းကျင်နဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မဲဆောက်ရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ဘန်ကောက်မှာ ဒီနေ့မှ ပြတာ၊ မဲဆောက်မှာ အရင်အပတ်ထဲက ပြတာ၊ ထိုင်းနိုင်ငံက အမျိုးသားစီးပွားရေးကို ထိခိုက်စေမဲ့အလုပ်တွေ မလုပ်ဖို့၊ ခဏလာခိုလှုံချိန်မှာ အိမ်ရှင်နိုင်ငံသားတွေနဲ့တည့်အောင်နေဖို့၊ သူတို့အမြင်မကြည်အောင်နေဖို့တော့ လိုတာပေါ့၊ သူတို့က သူတို့ကို ဓာတ်ပုံရိုက်တာ မကြိုက်ဘူး။ လူကို ဆိုင်ကို အိမ်ကို ခွင့်မတောင်းဘဲ ဖြတ်ကနဲရိုက်လိုက်တာတို့ ဘာတို့က သူတို့ချင်းလည်း မလုပ်ကြဘူး။ နောက်တခုက ဆူဆူညံညံနေတာ ၊ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်လည်ပတ်နေပြတာ၊ ပြီးတော့ အရက်သောက်ပြီး ရမ်းကားတာတွေကို မကြိုက်ကြဘူး” လို့ ထိုင်းနိုင်ငံမှာ အနေကြာသူ မြန်မာတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ထိုင်းသတင်းဌာနတွေမှာလည်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ အများအပြား ရောက်ရှိနေတာကို ချက်ချင်းမဖြေရှင်းရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ လူနေမှုစနစ်နဲ့လုံခြုံရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုအလုံးစုံကို ထိခိုက်စေနိုင်တယ်လို့ ရေးသားနေပါတယ်။ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်အစိုးရသစ်ကို မြန်မာတွေနဲ့ပတ်သတ်ပြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုတဲ့အချက် ၈ ချက်ပါ စာတစ်စောင်ကို တရားဝင် ပေးပို့ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ စာရင်းအရ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအလုပ်သမားက ၃၄၁၅၇၄၄ ရှိနေပြီး၅ သန်းအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ ဒေသဆိုင်ရာအာဏာပိုင်တွေဆီက ရရှိထားတဲ့စာရင်းတွေအရ အထောက်အထားမဲ့ ဝင်ရောက်နေထိုင်နေသူ မြန်မာနိုင်ငံသား ၅၈၆၅၄၈ ဦး အထိ ရှိနေတယ်လို့ သိရပါတယ်။

Photo – CJ

#NewDayMyanmar ရဲ့သတင်းတွေကို

Telegram >> https://buff.ly/4bVTD97

Youtube Channel >> https://buff.ly/4bA9pGo

တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ဆက်စပ် သတင်းများ

Most read