ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံဟာ ဝန်ကြီးချုပ် ပေတောင်တန်ကို တာဝန်ကဆိုင်းငံ့ဖို့ အမိန့်ချပြီးနောက်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျုန်ဂျုန်းရီယန်ကစ် (Suriya Jungrungreangkit) ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ထိုင်းသတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီ ခန့်အပ်မှုအရ ဆူရီယာဟာ ဝန်ကြီးချုပ်တစ်ဦးအဖြစ် အာဏာအပြည့်အဝကို ပိုင်ဆိုင်မှာ ဖြစ်ပြီးအစိုးရအဖွဲ့ရဲ့ ချမှတ်ချက်တွေ၊ ဘတ်ဂျက်အမိန့်ထုတ်ပြန်မှုတွေစတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင် ၃ ရက်မှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတ်ဘိနက်အသစ်အတွက် ဦးဆောင်သွားမယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းဆွေးနွေးမှုအပေါ် ဝေဖန်မှုတွေ ရှိခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကြောင့် ဝန်ကြီးချုပ်အဖြစ်က ဆိုင်းငံ့ခံရတာဖြစ်ပါတယ်။


