Homeပြည်တွင်းသတင်းထိုင်းနိုင်ငံတွင်း သက်တမ်းလွန်နေထိုင်သူများ တစ်ရက်ကို ဘတ် ၅၀၀နှုန်း ၊ ဒဏ်ကြေးပေးဆောင်ရန်နဲ့ သက်တမ်းလွန်ကာလအလိုက် ပြန်လည်ဝင်ရောက်ခွင့်ပိတ်ပင်ဖို့ ထိုင်းလဝက ကြေညာ

ထိုင်းနိုင်ငံတွင်း သက်တမ်းလွန်နေထိုင်သူများ တစ်ရက်ကို ဘတ် ၅၀၀နှုန်း ၊ ဒဏ်ကြေးပေးဆောင်ရန်နဲ့ သက်တမ်းလွန်ကာလအလိုက် ပြန်လည်ဝင်ရောက်ခွင့်ပိတ်ပင်ဖို့ ထိုင်းလဝက ကြေညာ

၈ နိုဝင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံတွင်း သက်တမ်းလွန်နေထိုင်သူများ တစ်ရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပြီး သက်တမ်းကျော်လွန်နေတဲ့ ကာလအလိုက် ထိုင်းနိုင်ငံ ပြန်လည်ဝင်ရောက်ခွင့်ကို ၁ နှစ်၊ ၃ နှစ် ၊ ၅ နှစ် ၊ ၁၀ နှစ်ထိ ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဗန်ကောက်က မြန်မာလူမျိုးတွေကို နိုဝင်ဘာ ၈ ရက်မှာ အသိပေးထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နဲ့အညီ နေထိုင်ခွင့်သက်တမ်းတိုးပေးနေပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်း မရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူတွေကို အရေးယူဆောင်ရွက်မယ့်အကြောင်း ကြေညာထားပါတယ်။

ထိုင်းနိုင်ငံအတွင်း သက်တမ်းလွန်နေထိုင်သူတွေအနေနဲ့ (မည်သည့်အထောက်အထားလက်မှတ်ကိုင်ဆောင်သူမဆို) တစ်ရက်ကို ဘတ် ၅၀၀/- နှုန်းနဲ့ စုစုပေါင်း ၂၀,၀၀၀/- ထက်မပိုတဲ့ ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

သက်တမ်းလွန်နေထိုင်သူတွေကို နေထိုင်ခဲ့တဲ့ သက်တမ်းလွန်ကာလအလိုက် ထိုင်းနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်းနဲ့ ရက်ပေါင်း (၉၀) နဲ့ အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် (၁) နှစ်၊ (၁)နှစ်နဲ့ အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် (၃)နှစ်၊ (၃) နှစ်နဲ့အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် (၅)နှစ်၊ (၅) နှစ်နဲ့အထက် သက်တမ်းလွန်နေထိုင်ခဲ့ပါက ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်ခွင့် (၁၀) နှစ် ထိ ပိတ်ပင်မယ်လို့ ကြေညာထားပါတယ်။

ဒီ့အတွက် ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတိပြုလိုက်နာပြီး သက်တမ်းကျော်လွန်နေထိုင်တာ၊ ဒဏ်ကြေးပေးဆောင်ရတာနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခံရတာတွေ မဖြစ်အောင် သတိထားဖို့ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – တရားမဝင်လုပ်သားတွေနဲ့ သက်တမ်းကျော်လွန်သူတွေကို စစ်ဆေးစဉ်(ပုံဟောင်း)

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read