Homeပြည်တွင်းသတင်းထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း တွေ မြန်မာပြည်ကနေ ဝယ်ရောင်းလုပ်နေသူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်း တွေ မြန်မာပြည်ကနေ ဝယ်ရောင်းလုပ်နေသူ ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

၃ ဇွန်၊ ၂၀၂၄

ပြည်တွင်းငွေကြေးစျေးကွက် တည်ငြိမ်မှုပျက်ပြားစေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံထဲက ကွန်ဒိုတိုက်ခန်းတွေကို မြန်မာပြည်တွင်းမှာ ၀ယ်ရောင်း လုပ်နေသူ ၅ ဦးကို ဖမ်းဆီးအရေးယူမယ်လို့ ကြေညာလိုက်ပြီး ရောင်းချသူ နှစ်ဦးထဲက တစ်ဦးက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဒီနေ့ ဇွန်လ ၃ ရက် ညပိုင်း သတင်းအစီအစဥ်မှာ ကြေညာသွားပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ Minn Thu ကုမ္ပဏီဟာ သက်ဆိုင်ရာ ခွင့်ပြုချက် မရရှိဘဲ ရန်ကုန်မြို့ Sedona Hotel မှာ အရောင်းပြပွဲ ၂ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၀ယ်သူတွေ ပေးချေတဲ့ မြန်မာကျပ်ငွေကို တရားမ၀င်ဟွန်ဒီတွေကတဆင့် ထိုင်းနိုင်ငံကို လွှဲပြောင်းစေခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၀ယ်ယူသူ ၃ဦးဟာ ဗဟိုဘဏ်က ခွင့်ပြုချက်မရဘဲ ထိုင်းနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်လှစ်ပြီး တိုက်ခန်းဖိုးတွေက ဒီဘဏ်စာရင်းထဲကနေ ပေးချေမှုတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီဝါဒဖြန့် မီဒီယာတွေကနေ ကြေညာထားပါတယ်။

မေလ ၃၀ရက်မှာ ရွှေကုန်သည် ၂၁ဦးနဲ့ တရားမဝင်ဟွန်ဒီ လက်ကြီးသမား ၁၂ဦးကို ဖမ်းပြီး စစ်ဆေးခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ရွှေဆိုင်ပိုင်ရှင်နဲ့ ရွှေကုန်သည် ၁၀ဦးကို မနေ့က ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဒီနေ့မှာတော့ ဗဟိုဘဏ်ခွင့်ပြုချက်မရဘဲ ထိုင်းနိုင်ငံဘဏ်အကောင့်ဖွင့်ပြီး ထိုင်းနိုင်ငံမှာ ကွန်ဒိုရောင်းဝယ်ပြုလုပ်နေသူတွေကို ဖမ်းဆီးအရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အွန်လိုင်းကတဆင့် တရားမဝင် ရောင်းချနေတဲ့ အခြားကုမ္ပဏီတွေနဲ့ ဝယ်ယူသူတွေကိုလည်း ဆက်ပြီးစိစစ် ဖော်ထုတ်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ခုနှစ် ပထမ ၃လပတ် စာရင်းတွေအရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ဒုတိယအများဆုံး ၀ယ်ယူထားကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read