Homeပြည်တွင်းသတင်းထိုင်းနယ်စပ်က ဈေးပွဲတော်ပေါက်ကွဲမှုအတွက် ကရင်လူငယ်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

ထိုင်းနယ်စပ်က ဈေးပွဲတော်ပေါက်ကွဲမှုအတွက် ကရင်လူငယ်နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ

၁၅ ဒီဇင်ဘာ၊ ၂၀၂၄

ထိုင်းမြန်မာနယ်စပ်၊ တာ့ခရိုင်၊ အုန်းဖန်မြို့မှာ စျေးပွဲတော်ကျင်းပနေချိန် ဗုံးပေါက်ကွဲတဲ့အတွက် လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့အတွက် ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၃ရက် ညပိုင်းက အုန်းဖန်မှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီလာရောက်ဆင်နွှဲနေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီထဲမှာ ထိခိုက်ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု ခံယူနေရသူ ၆ ဦးရှိပါတယ်။ ဖြစ်စဉ်က ည ၁၁ နာရီ ၃၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး လူ ၈၀၀၀ ၊ ၉၀၀၀ ထိ လာရောက်နေချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခဲ့တဲ့ လူငယ် ၂ ဦးက အသက် ၁၆ နဲ့ ၁၇ နှစ်အရွယ် ဂျိုရီတူးနဲ့ ဒီးဒီး ဆိုတဲ့ ကရင်လူငယ်တွေဖြစ်တယ်လို့ သိရပြီး ဖြစ်ရပ်နဲ့ပတ်သတ်ပြီး တာ့ခရိုင်ရဲတပ်ဖွဲ့မှူးက Mr.Samrit Emkamol လူငယ်ချင်းစကားများမှုကြောင့် လက်စားချေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ဒီးဒီးမှာ KNU အသိုင်းအဝိုင်းကဖြစ်တယ်လို့ ပြောဆိုပါတယ်။

အသက် ၁၇ နှစ်အရွယ် ဂျိုရီတူး၊ ၁၆ နှစ်အရွယ် ဒီးဒီးတို့ဟာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ပွဲတော်အတွင်း လူငယ်အုပ်စုချင်း စကားများ ရန်ဖြစ်ထားခဲ့တဲ့ဖြစ်ရပ်ကို လက်စားချေချင်တဲ့အတွက် သူတို့နဲ့ ရန်ဖြစ်ထားတဲ့ လူငယ်အုပ်စုကခုန်နေတဲ့နေရာကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားတဲ့အချိန် CCTV ရုပ်သံ မှတ်တမ်းတွေကို ရဲတပ်ဖွဲ့က စစ်ဆေးပြီး တိုက်ခိုက်သူ လူငယ်၂ ဦးကို ဖမ်းမိခဲ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာကလည်း ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး နောက်ထပ်ဈေးပွဲတော်တွေမှာ ပိုပြီး လုံခြုံရေးတင်းကြပ်ထားသင့်တယ်လို့ သတိပေးခဲ့ပါတယ်။

ထိုင်းသတင်းတွေထဲမှာ ကေအန်ယူ အသိုင်းအဝိုင်းကဖြစ်တယ်လို့ ပြောဆိုချက်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU က အခုလို အကြမ်းဖက်မှုတွေကို လက်မခံကြောင်းနဲ့ ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံနဲ့အတူ အမှုမှန်ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောထားရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo – Khaosod

ဆက်စပ် သတင်းများ

Most read