ထိုင်း-မြန်မာ နယ်စပ်မှာ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က ထိုင်းအာဏာပိုင်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေမှာ မိမိတို့အဖွဲ့အစည်းနဲ့ လုံးဝမပတ်သက်မှုမရှိကြောင်း ကရင်အမျိုးသားလွတ်မြာက်ရေးတပ်မတော် KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချတာကို နိုင်ငံတကာက ဆန့်ကျင်ရှုုတ်ချသည်နဲ့အမျှ KNU/KNLA ရဲ့ လမ်းစဉ်အနေနဲ့လည်း လုံးဝအားပေးထောက်ခံတာမျိုးမရှိပဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင်တယ်လို့လည်း ဆိုထားပါတယ်။
KNU/KNLA ရဲ့သမိုင်းတလျှောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကင်းရှင်းအောင် ရပ်တည်လာခဲ့တဲ့အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး မိမိတို့နယ်မြေအတွင်းမှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပစ်မှုတစ်စုံတစ်ရာ ကျုးလွန်သူတွေကိုလည်း တည်ဆဲဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့လည်း ပတ်သက်နေတဲ့အကြောင်း စွတ်စွဲမှုတွေထွက်ပေါ်ခဲ့ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဆန်းအောင်က ဒီကိစ္စမှာ မိမိတို့အပေါ် မဟုတ် မမှန်စွတ်စွဲမှုတစ်ခုသာဖြစ်ပြီး မိမိရဲ့တပ်ဖွဲ့ဝင်တွေပါဝင်ခြင်းရှိမရှိကိုလည်း စုံးစမ်းစစ်ဆေးသွားမယ်လို့ သတင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ ကုန်တင် ကားတွေနဲ့ တင်ဆောင်လာခြင်းဖြစ်ပြီး၊ နခွန်စဝမ်မြို့၊ ဟိုက်ဝေးလမ်းမကြီးပေါ်အရောက် လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက တားစီးစစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ -( ထိုင်းနိုင်ငံ နခွန်စဝမ်မြို့၊ ဟိုက်ဝေးလမ်းမကြီးပေါ်တွင် မူးယစ်ဆေးဝါးများတင်သယ်ဆောင်လာသည့် ယာဉ်အား မတ်လ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့စဉ်)
ဓာတ်ပုံ – The Nation