Homeပြည်တွင်းသတင်းထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကလေးငယ်တွေ တက်နေတဲ့ သင်ကြားရေးစင်တာ ချိတ်ပိတ်မှုနဲ့ ပတ်သတ် ပြီး ထိုင်းအာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲလုပ်

ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းကလေးငယ်တွေ တက်နေတဲ့ သင်ကြားရေးစင်တာ ချိတ်ပိတ်မှုနဲ့ ပတ်သတ် ပြီး ထိုင်းအာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲလုပ်

၆ စက်တင်ဘာ ၊ ၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆူရတ်ဌာနီခရိုင်က မြန်မာရွှေ့ပြောင်းကလေးငယ်တွေ တက်နေတဲ့မေတ္တာရိပ် မြန်မာ ဘာသာစကားသင်ကြားရေးစင်တာကို စက်တင်ဘာ ၄ ရက်က ထိုင်းအစိုးရက လာရောက်ပိတ်သိမ်းခဲ့ပါတယ်။

သင်ကြားရေးစင်တာကို ပိတ်ခဲ့တာနဲ့ပတ်သတ်ပြီး ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲတစ်ခု မနေ့က လုပ်ခဲ့တယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ( ၅) ရက်မှာ ထိုင်းနိုင်ငံ အလုပ်သမားကာကွယ် ရေးနှင့် လူမှုဖူလုံရေးရုံး ဗဟိုအစည်းအဝေးခန်းမမှာ ဆူရတ်ဌာနီခရိုင်က ဒုတိယခရိုင်ဝန် Mr. Sukon Noopakdee၊ ခရိုင်ပညာရေးမှူး Mr. Chokdee Satthakarn ၊ ဆူရတ်ဌာနီမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲမှူးကြီး Natchanon Kerdko၊ ဆူရတ်ဌာနီခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ အမျိုးသားလုံခြုံရေးကာကွယ် စောင့်ရှောက်ရေးတပ်ဖွဲ့ တို့က ပူးတွဲပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီကျောင်းက မြန်မာနိုင်ငံတော်အလံကို အလေးပြုပြီး မြန်မာနိုင်ငံတော်သီချင်းဆိုနေတဲ့ ရုပ်သံဖိုင် လူမှုကွန် ယက်မှာ ပျံ့နှံ့ပြီးနောက်မှာ ထိုင်းပညာရေးဝန်ကြီးဌာနက ခရိုင်အဆင့် ပညာရေးအကြီးအကဲကို ကျောင်းကို သွားပြီး စစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

ညွှန်ကြားချက်အရ သွားရောက်စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး မေတ္တာရိပ်မြန်မာစာသင်ကျောင်းကို ထိုင်းအာဏာပိုင် တွေက ဆက်ပြီး မဖွင့်ရန် (၁၀)ကြိမ်နီးပါး တားမြစ်ထားပေမဲ့ ဆက်ပြီး လည်ပတ် ဖွင့်လှစ်နေတာကြောင့် ချိတ် ပိတ်ခဲ့ရတာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ရှင်းလင်း ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းကျောင်းသားတွေအတွက် ကျောင်းဖွင့်ခွင့်မရှိဘဲ သင်ကြားရေးစင်တာအနေနဲ့သာ ဖွင့်လှစ်ခွင့်ရှိပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း ကျောင်းများ ၊ ရုံးများ ၊ အဖွဲ့အစည်းများမှာ ထိုင်းနိုင်ငံတော် အလံကိုသာ လွှင့်ထူခွင့်ရှိပါတယ်။

ကျောင်းပိုင်ရှင်ထိုင်းလူမျိုးကလည်း အာဏာပိုင်တွေကို ကျောင်းကို စစ်ဆေးခွင့်မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းနဲ့ မြေပိုင်ရှင် ထိုင်းလူမျိူး အပါအဝင် မြန်မာဆရာ/ဆရာမ(၂၄)ဦး ၊ ထိုင်းဆရာ/ဆရာမ(၆)ဦးတို့ကို စစ်ဆေးပြီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Photo – ထိုင်းရတ်သတင်း ၊ မေတ္တာရိပ်ရွှေ့ပြောင်းကျောင်း

ဆက်စပ် သတင်းများ

Most read