Homeပြည်တွင်းသတင်းထိုင်းငါးဖမ်းစက်လှေပေါ် ဖမ်းမိထားသူတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်နေကြောင်း နဲ့ လူသေဆုံးမှုမရှိကြောင်း စစ်ကောင်စီပြောဆို

ထိုင်းငါးဖမ်းစက်လှေပေါ် ဖမ်းမိထားသူတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်နေကြောင်း နဲ့ လူသေဆုံးမှုမရှိကြောင်း စစ်ကောင်စီပြောဆို

၃ ဒီဇင်ဘာ၊ ၂၀၂၄

ထိုင်းငါးဖမ်းစက်လှေပေါ် ဖမ်းမိထားသူတွေဟာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ တွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေကြောင်းနဲ့ ဖမ်းဆီးခံထားရသူတွေဟာ ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂ ရက်က စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုုပ်ဇော်မင်းထွန်းက ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး “ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံဖက်ကို တရားဝင်အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာအမျိုးသား ၂၇ဦး ၊ ထိုင်းအမျိုးသား လေးဦးတို့သည်လည်း ကောင်းမွန်စွာ ရှိနေကြောင်း ပြောကြားလိုပါတယ်” လို့ ပြောဆိုသွားပါတယ်။

ထိုင်းငါးဖမ်းသင်္ဘော ဖမ်းဆီးရမိတဲ့အပေါ် ထိုင်းနိုင်ငံ ရနောင်းမြို့မှာရှိတဲ့ နယ်စပ်ငါးဖမ်းလုပ်ငန်း တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ ဖမ်းမိသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်တဲ့အထောက်အထားတွေ့ရှိကြောင်း ပြောဆိုပေမယ့် အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။

နိုဝင်ဘာလ ၃၀ ရက် မနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မြန်မာရေပိုင်နက်အတွင်း ရောက်နေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က သတိပေးခြင်းမရှိဘဲ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ပစ်ခတ်မှုကြောင့် ရေထဲခုန်ချခဲ့တဲ့ ၂၄ နှစ်အရွယ်ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် စက်လှေ ၂စီးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦး၊ ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီဖြစ်စဉ်မှာ သေဆုံးမှုမရှိကြောင်း ငြင်းဆိုထားပေမယ့် ထိုင်းတော်ဝင်ရေတပ်က ဒုတိယဗိုလ်ချုပ်ကြီးနဲ့ အရာရှိကြီးတွေဟာ ဒီဇင်ဘာ ၁ ရက်မှာ သေဆုံးသူရဲ့ နာရေးအိမ်ကို သွားရောက်ပြီး မိသားစုဝင်တွေကို တွေ့ဆုံအားပေးတာကို ထိုင်းရေတပ်က ထုတ်ပြန်ထားပါတယ်။

ထိုင်းငါးဖမ်းသင်္ဘောတွေကို ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေကို မြန်မာစစ်ကောင်စီက အစောပိုင်းထဲက ငြင်းဆန်ထားပြီး အခု ထုတ်ပြန်ချက်မှာလည်း ပစ်ခတ်တယ်ဆိုတာကို ဝန်မခံဘဲ အချက်ပေး မီးပြပြီး ရပ်တန့်စေခဲ့တယ်လို့ပဲ ပြောပါတယ်။

ထိုင်းငါးဖမ်းသင်္ဘောကိုလည်း မြန်မာရေပိုင်နက်အတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံဆက်ဆံရေးထိခိုက်အောင် သတင်းမီဒီယာတွေဖက်က ပုံဖော်ရေးသားခဲ့တယ် လို့ ပြစ်တင်ပြောဆိုသွားပြီး မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား အစိုးရချင်းရော စစ်တပ်ချင်းပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်လို့လည်း သူက ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်၊ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတွေက တောင်းဆိုထားပေမယ့် စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

Photo – ဘန်ကောက်ပို့စ်

ဆက်စပ် သတင်းများ

Most read