၅ မတ်လ ၂၀၂၆ | New Day Myanmar
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်မှာ မြန်မာနိုင်ငံသားတွေ ဝယ်ယူမှု သိသိသာသာ ပိုတက်လာပြီး နိုင်ငံခြားသားဝယ်လက်တွေထဲမှာ ဒုတိယအများဆုံး ဝယ်ယူသူတွေ ဖြစ်လာပါတယ်။
အချက်အလက်တွေအရ မြန်မာနိုင်ငံသားတွေက ၂၀၂၅ ခုနှစ်အတွင်း ကွန်ဒိုအခန်း ၁,၉၆၈ ယူနစ် ဝယ်ယူခဲ့ပြီး ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဝယ်ယူမှု အရေအတွက် ၄၁.၈ ရာခိုင်နှုန်းအထိ တက်လာပါတယ်။
ဒါပေမယ့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကတော့ ဘတ် ၆.၁၆ ဘီလီယံခန့်သာ ရှိပြီး ယခင်နှစ်ထက် ၁၂.၅ ရာခိုင်နှုန်း လျော့နေပါတယ်။ ဒါကြောင့် မြန်မာဝယ်လက်တွေက ယခင်ကလို ဈေးကြီးတဲ့ အခန်းတွေထက် ဈေးနှုန်းအလယ်အလတ်တန်းစား အခန်းတွေကို ပိုရွေးဝယ်လာတဲ့ ပုံစံတွေ့ရပါတယ်။
မြန်မာဝယ်လက်တွေ အဓိက စိတ်ဝင်စားတဲ့ ဒေသတွေကတော့ ဘန်ကောက်၊ စမုပရာကန်နဲ့ ချင်းမိုင်တို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသားတွေကို ကွန်ဒိုအခန်း စုစုပေါင်း ၁၄,၈၉၉ ယူနစ် လွှဲပြောင်းရောင်းချခဲ့ပြီး ယခင်နှစ်ထက် ၂.၂ ရာခိုင်နှုန်း တက်လာပါတယ်။ ဒါပေမယ့် စုစုပေါင်း ရောင်းချမှုတန်ဖိုးက ဘတ် ၆၀.၉၂ ဘီလီယံသာ ရှိပြီး ၁၀.၇ ရာခိုင်နှုန်း လျော့သွားပါတယ်။
နိုင်ငံခြားသားဝယ်လက်တွေထဲမှာ တရုတ်နိုင်ငံသားတွေက ကွန်ဒိုအခန်း ၄,၉၄၀ ယူနစ် ဝယ်ယူပြီး အများဆုံးဝယ်ယူသူအဖြစ် ဆက်ရှိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝယ်ယူမှုကတော့ ယခင်နှစ်ထက် ၁၂.၉ ရာခိုင်နှုန်း လျော့သွားပါတယ်။
ဈေးကွက်လေ့လာသူတွေကတော့ ဒေသတွင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံက အရင်းအနှီးတွေ ထိုင်းနိုင်ငံဘက်ကို ပိုရွေ့လာတာကြောင့် မြန်မာဝယ်လက်တွေ ပိုတက်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေပါတယ်။


