Homeပြည်တွင်းသတင်းထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန် ကြီးချုပ်ပြောဆိုမှုကို ရှုတ်ချကြောင်း မြန်မာစစ်ကော်မရှင်ပြော

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန် ကြီးချုပ်ပြောဆိုမှုကို ရှုတ်ချကြောင်း မြန်မာစစ်ကော်မရှင်ပြော

၂၂ နိုဝင်ဘာ ၂၀၂၅

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်ဝန် ကြီးချုပ် Mrs. Takaichi ရဲ့ ပြောဆိုချက်ကို မြန်မာစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က ဆင်ဟွာသတင်းဌာန သတင်းထောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်မှာ အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ “One China Policy” မူဝါဒကို အမြဲတမ်းခိုင်ခိုင်မာမာ ကိုင်စွဲထားကြောင်းနဲ့ ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ရဲ့ ပြောကြားချက်တွေဟာ သမိုင်းသင်ခန်းစာတွေကို သင်ယူလေ့လာထားမှုမရှိကြောင်းနဲ့ ဂျပန်နိုင်ငံက အာရှမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နောင်တ တရားမရရှိဘဲ တာဝန်ယူမှုလည်းမရှိခဲ့ဘူးဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင်မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေဟာ ဂျပန်ဖက်ဆစ်ဝါဒရဲ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရပြီး ဂျပန်ရဲ့ ဖက်ဆစ်ဝါဒ ပြန်လည်အ သက်ဝင်လာနိုင်ခြေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါတင်မကသေးပါဘူး ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ၏ ပြောကြားချက်တွေဟာ“One China Policy” မူဝါဒကို ချိုးဖောက်နေပြီး “ထိုင်ဝမ်လွတ်လပ်မှု” ခွဲထွက်ရေးအင်အားစုတွေကို အားပေးလှုံ့ဆော်နေကြောင်း ထောက်ပြခဲ့ပြီး

ထိုင်ဝမ်ပြည်နယ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခွဲထွက်၍မရတဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ ထိုင်ဝမ်ပြဿနာဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ဘယ်ပြည်ပ အင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကိုမဆို မြန်မာနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကို တရုတ်ကသာ ကျူးကျော် တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်မယ်လို့ အဓိပ္ပါယ်ရတဲ့ မှတ်ချက်စကားကို နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဂျပန် လွှတ်တော်မှာ ဝန်ကြီး ချုပ်က ပြောဆိုခဲ့ပြီးနောက် တရုတ်ဘက်က သံတမန်ရေး၊ စီးပွားရေး၊ ကုန်သွယ် ရေး နည်းလမ်းတွေနဲ့ ဂျပန်ကို ဖိအားပေးခဲ့တဲ့အပြင် ဂျပန်သံအမတ်ကြီးကိုပါ ဆင့်ခေါ်ပြီး ဝန်ကြီးချုပ်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ တရားဝင် ကန့်ကွက်ခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး