၂၈ ဒီဇင်ဘာ၊၂၀၂၄
ထားဝယ်မြို့ပေါ်မှာရှိတဲ့ စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ(ယမကာ) ရေားချနေတဲ့ဆိုင်တွေကို ဆိုင်အမည်နဲ့တစ်ကွ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ DDMSC က ဒီဇင်ဘာလ ၂၈ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ထားဝယ်မြို့ စည်းစိမ်(ရေးလမ်း)၊ December(အမှတ် ၈ လမ်း)၊ ရွှေဘုန်း(ရေးလမ်း) နဲ့ သာစည်(အမှတ် ၄ လမ်း) အရောင်းဆိုင်တွေမှာ တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ဖို့ ကြေညာထားတဲ့ စစ်တပ်ထုတ် ယမကာတွေ ဆက်လက်ရောင်းချနေတာကို DDMSC မှ စုံစမ်းတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်တပ်ထုတ် ယမကာတွေ ဆက်လက်ရောင်းချနေတဲ့ တခြားစားသောက်ဆိုင်တွေနဲ့ အရောင်းဆိုင် တွေ ကိုလည်း DDMSC မှ စာရင်းကောက်ယူထားပြီးဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းနဲ့ တကွ ဆိုင်နာမည်စာရင်းကို ပြည်သူလူထုသိရှိအောင် အသုတ်လိုက် တင်ပြသွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
စျေးကွက်အတွင်း လူသိများရောင်းအားကောင်းနေတဲ့ မြန်မာဘီယာ၊ Andaman Gold၊ Black Shield နဲ့ ဒဂုံဘီယာတို့ဟာ စစ်တပ်ထုတ် ထုတ်ကုန်တွေဖြစ်တဲ့အတွက် အဆိုပါ ထုတ်ကုန်တွေကို ဝယ်ယူရောင်းချတာ၊ ဝယ်ယူသုံးစွဲတာမလုပ်ကြဖို့ DDMSC အပါအဝင် တော်လှန်ရေးအင်အားစုတွေ အသိပညာပေးမှု၊ တိုက်တွန်း လှုံ့ဆော်မှုတွေ ပြုလုပ်လာခဲ့သည်မှာ လေးနှစ်နီးပါးရှိပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ထုတ် ယမကာများကို ဆက်လက်ရောင်းချနေသည့် ဆိုင်ပိုင်ရှင်များ၏လုပ်ရပ်သည် စစ်အုပ်စုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များစွာ သေကြေပျက်စီးနေကြရသည့်အချိန်တွင် စစ်ရာဇဝတ်မှုများကို ထပ်မံကျူးလွန်နိုင်ဖို့ စစ်ကောင်စီတပ်ကို အထောက်အပံ့လုပ်ပေးရာ ရောက်နေပါသည်။
စစ်တပ်ထုတ် ယမကာတွေကို ရောင်းချလျက်ရှိတဲ့ အရောင်းဆိုင်ပိုင်ရှင်တွေအနေနဲ့ စစ်တပ်ထုတ် ယမကာတွေ ဆက်လက်ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ခြင်းအားဖြင့် ဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည် ပေး ကြဖို့ တိုက်တွန်းတယ်လို့လည်း ဆိုထားပါတယ်။
စစ်တပ်ထုတ် ယမကာတွေကို ဆက်လက်ရောင်းချနေပါက အဆိုပါဆိုင်တွေကို အများပြည်သူအနေနဲ့ သပိတ်မှောက်သွားကြဖို့နဲ့ ဝယ်ယူသောက်သုံးသူ ပြည်သူတွေအနေဖြင့်လည်း စစ်တပ်ထုတ် ယမကာတွေကို ဝယ်ယူမသောက်သုံးကြဖို့အတွက်လည်း အနူးအညွတ် တိုက်တွန်းအပ်ပါတယ်လို့ အသိပေးထားပါတယ်။
Photo -DDMSC