Homeပြည်တွင်းသတင်းထမင်းဝအောင်မစားရလို့ ခွေးစာ ယူစားမိတဲ့ အိမ်အကူမိန်းကလေးငယ်ကို ညှင်းပန်းနှိပ်စက်တဲ့ အိမ်ရှင်ကို တရားစွဲဖို့ လုပ်ဆောင်နေ

ထမင်းဝအောင်မစားရလို့ ခွေးစာ ယူစားမိတဲ့ အိမ်အကူမိန်းကလေးငယ်ကို ညှင်းပန်းနှိပ်စက်တဲ့ အိမ်ရှင်ကို တရားစွဲဖို့ လုပ်ဆောင်နေ

၁၅ ဇန်နဝါရီ ၂၀၂၆

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းက လေးငယ်ကို ညှင်းပန်းနှိပ်စက်တဲ့ အိမ်ရှင်ကို တရားစွဲဆိုဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦးဆီကနေ သိရပါတယ်။

အဲ့ဒီမိန်းကလေးငယ်ဟာ ထမင်းဝအောင်မစားရတာကြောင့် ခွေးစာကို ယူစားမိရာက အိမ်ရှင်သိပြီး ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ညှင်းပမ်းခံခဲ့ရတာဖြစ်ပြီး၊ အဲ့ဒီ မိန်းကလေးငယ်ဟာ ထွက်ပြေးလာခဲ့ပြီးနောက် ပတ်ဝန်းကျင်က ကူညီပေးမှုကြောင့် ဒီဖြစ်စဉ်ဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်အရ ဇန်နဝါရီ ၁၁ ရက်နေ့ ည‌နေပိုင်းမှာ ကလေးငယ်တစ်ဦး ဒဏ်ရာတွေနဲ့ ကျောင်းကားတစ်စီးအောက် ဝင်ပုန်းနေတာကို အမျိုးသမီးတစ်ဦးကမြင်ပြီး မြို့ခံလူမှုကူညီရေးအသင်းတွေကို ခေါ်ကာ အကူအညီတောင်းခဲ့ရာက ဖြစ်စဥ်ကို သိခဲ့တာလို့ ပရဟိတအဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

“ကလေးရဲ့မိဘတွေက လှိုင်သာယာကဗျ။ မွေးစားတယ်သာ ပြောတာပါ။ အိမ်မှာ ခိုင်းကောင်းလို့ ခေါ်ထားတဲ့သဘောလို့မြင်တယ်။ ထမင်းဝအောင်မကျွေးတော့ မွေးထားတဲ့ ခွေးအတွက် ဖယ်ထားတဲ့ဟာကို ကလေးကယူစားတာ။ ဒါကို ရိုက်နှက်တော့ ကလေးက ကြောက်ပြီး ‌ထွက်ပြးတာကနေ သိကြရတာ”လို့ အဲဒီမြို့နယ် နေသူတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ကလေးငယ်ကို ကိုယ်ထိလက် ရောက်ကျူးလွန်တဲ့ အိမ်ရှင်မိသားစုက ကျပ်သိန်း ၅၀ နဲ့ ကျေအေးပေးဖို့ ညှိနှိုင်းနေကြသလို ကလေးငယ်ကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်းပြီးဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ရဲ့ မိဘဖြစ်သူတွေကတော့ ကျူးလွန်ရာမှာပါဝင်သူတွေကို ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်သွားမယ်လို့ ကနဦး သိထားရပါတယ်။

ဓာတ်ပုံ-ရွှေဥက္ကလာ လူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး