ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထန်းရှောက်ခံရွာက ရုပ်အလောင်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေရဲ့ရုပ်အလောင်းမဟုတ်ဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းဖြစ်တယ်လို့ အာရက္ခတပ်တော် AA ကပြောပါတယ်။
ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာအယောက် ၆၀၀ ကျော်ကို အေအေက သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ရရှိထားတဲ့ အကြောင်း အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) က အခုလ သြဂုတ်ပထမအပတ်အထဲမှာ ထုတ်ပြောခဲ့အပြီးမှာ အေအေက အခုလို ပြန်လည်တုံ့ပြန်ပြောလာတာဘဲဖြစ်ပါတယ်။
ဒါအပြင် ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်မရှိဘဲ အဲဒီရုပ်အလောင်းအကြွင်းအကျန်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေလို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒီနေ့ ဩဂုတ် ၁၁ ရက်မနက်ပိုင်း အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ မေလတုန်းက ဘူးသီးတောင် တိုက်ပွဲပြင်းထန်ချိန်မှာ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ထန်းရှောက်ခံရွာဘက်ကို ဆုတ်ခွာခဲ့လို့ အေအေဘက်က ပိတ်ဆို့တိုက်ခိုက်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“ထောင့်ပေါင်းစုံကိုပိတ်ဆို့တိုက်ခိုက်ခဲ့လို့ ၃ ရက်လောက်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၂၀၀ ဝန်းကျင်လောက်သေပြီး အလောင်းတွေစုပုံနေတဲ့သဘောပါပဲ။ အယောက် ၄၀၊ ၅၀၊ ၁၀၀ လောက်က မမြှုပ်နိုင်ပဲကျန်ခဲ့တာပါ။ ဓာတ်ပုံကိုကြည့်ရင်လည်း စစ်ဖိနပ်နဲ့ ဦးထုပ်တွေက သက်သေပါ၊ စစ်သားအလောင်းမှန်း သိနိုင်ပါတယ်” လို့ ဆိုပါတယ်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Fortify Rights ကတော့ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ထားတဲ့ ယာယီထိန်းသိမ်းရေးစခန်းနဲ့ရွာတွေမှာ ရိုဟင်ဂျာအရပ်သားတွေအပေါ် စစ်ဥပဒေတွေကို ချိုးဖောက်နေတယ်လို့ဆိုပြီး ထောက်ပြပြောဆိုနေပါတယ်။


