၁ ဒီဇင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဦးထက်မနည်း သေဆုံးပြီး လူ(၂၀)ကျော်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ လူနေအိမ် ၉ လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ပါတယ်။
နိုဝင်ဘာလ ၃၀ ရက် ညနေ (၆:၃၀)အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး သီလရှင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဗုံးက သီလရှင်ကျောင်းကို ကျတာ၊ အနီးအနားအိမ်တွေလည်း ထိတယ်။သေတာက ဆယ်ယောက်အနည်းဆုံး ရှိတယ်၊ မိုးလင်းမှ မြေကြီးအောက်တွေ ထပ်ရှာရတာတွေလည်းရှိတယ်။ ဒဏ်ရာရတာကတော့ အယောက် ၂၀ ကျော်တယ်” လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀) ဦးထက်မနည်း ထိမှန်သေဆုံးပြီး လူ(၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဒဏ်ရာရရှိသူတွေကို ဆေးရုံကိုအရေးပေါ်ပို့ဆောင်ကာ ဆေးဝါးကုသပေးနေပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းပေးနေတယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
အခုလို လေကြောင်းကမတိုက်ခိုက်ခင်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
နောင်ချိုမြို့မှာလည်း နိုဝင်ဘာလအတွင်း စစ်ကောင်စီလေတပ်က လေကြောင်းအသုံးပြုပြီး အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၁၈)သေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိထားပါတယ်။
Photo – PSLF/TNLA