ရန်ကုန်မြို့ ၊ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ၊ သစ္စာလမ်းမပေါ် ၊ ပုဏ္ဏီမီ ကားမှတ်တိုင်အနီးမှာ အမျိုးသားတဦးကို ဓားနဲ့ထိုးပြီး ဖုန်းလုယူသွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့ စက်တင်ဘာ ၂ ရက် ည ၉ နာရီအချိန်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး၊ လုယူခံရတဲ့အမျိုးသားက လူယူသူကို ပြန်လည်တိုက်ခိုက်တာကြောင့် ဓားနဲ့ထိုးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
ဓားနဲ့ထိုးခံရသူ (လုယူခံရ)ဟာ တိုင်ကြားဖို့ အုပ်ချုပ်ရေးမှူးရုံးကိုအသွား သူရလမ်းပေါ်မှာ သွေးထွက်လွန်လဲကျခဲ့တာကြောင့် ဒေသတွင်း လူမှုကူညီအသင်းတသင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီးနောက်မှာ ရန်ကုန်မြို့အပါ အခြားမြို့ကြီးတွေမှာ အုပ်စုဖွဲ့လုယက်တာတွေ ခိုးယူတာတွေဟာ ခပ်စိတ်စိတ်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။
အချို့မိန်းကလေးငယ်တွေ ကားငှားပြန်တဲ့အခါ အနီးစပ်ဆုံးလမ်းကရွေးမောင်းတယ်လို့ဆိုပြီး လူပြတ်တဲ့နေရာအရောက်မှာ မုဒိမ်းမှုကျူးလွန်ဖို့ ကြံစည်တာ လုယက်တာတွေပါ ဖြစ်ပွားနေတယ်လို့ ဖြစ်စဉ်မှာ ကျူးလွန်ခံရတဲ့သူတွေက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပြန် လည်မျှဝေထားတာတွေ့ရပါတယ်။
ဓာတ်ပုံ-မေတ္တာသီတာရေစင်လူမှုကယ် ဆယ်ရေးအသင်း


