တောင်ဥက္ကလာပထွေအုပ်ရုံး လက်ပစ်ဗုံးတွေနဲ့ပစ်ခတ်ခံရမှုမှာ ရဲ ၂ ယောက်နဲ့ ဆယ်အိမ်မှူး ၁ ယောက်တို့ ဒဏ်ရရပြီးဆေးရုံတင်ထားရတယ်လို့ မြို့ပြကြွက်ကွန်ယက်က နေသိရပါတယ်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်က တောင်ဥက္ကလာမ ထွေအုပ်ရုံးကို ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်က မြို့ပြကြွက်အဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံး၊လက်လုပ်မိုင်း ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“လူမဆန်သောစစ်အုပ်စုသည် တော်လှန်ရေးရဲဘော်များကိုသာမက သာမန်ပြည် သူများအပေါ်ပါ နေ့စဉ်အမျှ သတ်ဖြတ်ဖမ်းဆီးခြင်း၊မတရားစစ်မှုထမ်းခိုင်းစေခြင်း တို့ကိုကျူးလွန်လျှက်ရှိသည်။ထို့ကြောင့် မြို့ပြကြွက်အဖွဲ့သားများအနေဖြင့် စစ် အုပ်စု၏ ထောက်တိုင်၊လက်ပါးစေမှန်သမျှကို အခွင့်အရေးရတိုင်း တိုက်ခိုက် ချေမှုန်း သုတ်သင်သွားမည်ဖြစ်သည်။”လို့ မြို့ပြကြွက်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် မြို့ပြကြွက်ကွန်ယက်အနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင် ကြဖို့နဲ့ ပူးပေါင်းမပါဝင်ကြရန်အကြိမ်ကြိမ်သတိပေး နှိုးဆော်ထားပြီး စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အားဖြည့်ကူညီနေတဲ့ အကျိုးစီးပွားသမားတွေကို ပြတ်ပြတ်သားသားအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဖောက်ခွဲတိုက်ခိုက်ခံရသည့် တောင်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံး မြင်ကွင်း
ဓါတ်ပုံ – မြို့ပြကြွက်


