၂၁ ဒီဇင်ဘာ၊၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ ကာကွယ်ရေးတပ် မတော် PDF ဒီနေ့မှာထုတ်ပြန်အသိပေးထားပါတယ်။
တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်းက နေရာအစုံမှာ ဒီဇင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၇ ရက်တာကာလ အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်မှု ၂၁ ကြိမ်၊ နှစ်ဖက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၈ကြိမ် နဲ့ စခန်းသိမ်းတိုက်ပွဲ ၂ ကြိမ်ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၉ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထံမှ MA အမျိုးအစား ၇ လက်၊ G3 ၂ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ကျည်ဘောက်စုံ ၁၆ ခုနှင့် ခဲယမ်းစုစုပေါင်း ၁,၂၇၀ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး အဆိုပါတိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။။
ပုံစာ – ရေဖြူမြို့နယ် ကံပေါက်ဒေသ စစ်ကောင်စီတပ်စခန်းမှ သိမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
Photo – တောင်ပိုင်းစစ်ဒေသ