Homeပြည်တွင်းသတင်းတောင်ငူမြို့မှာ ၁နှစ် အတွင်း ၄ ကြိမ်မြောက်ရေဘေးသင့်နေ

တောင်ငူမြို့မှာ ၁နှစ် အတွင်း ၄ ကြိမ်မြောက်ရေဘေးသင့်နေ

၃၀ ဩဂုတ် ၂၀၂၅

တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာရေဝင်ရောက်နေတာမျိုးတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတဦးက New Day Myanmar ကိုပြောပါတယ်။

ဒီကနေ့ ဩဂုတ် ၃၀ ရက် နံနက်ပိုင်းမှာတောင်ငူမြို့ စစ်တောင်းမြစ်ရေဟာ ၆၁၂ စင်တီမီတာကို ရောက်ရှိနေပြီး စိုးရိမ်ရေ မှတ်အထက် ၁၂ စင်တီမီတာကိုရောက်ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလော တောင်ငူမြို့ အနိမ့်ပိုင်းရပ်ကွက်တွေရေစတင်ဝင်နေပြီး၊ အနိမ့်ပိုင်းရပ်ကွက်နေထိုင်သူ ဦးရေ ၆၀ ကျော်လောက်ကို ရွှေ့ပြောင်းပေးနေရပြီလို့ သိရပါတယ်။

“အခုတော့ အနိမ့်ပိုင်းရပ်ကွက်အချို့ရေဝင်နေတာပေါ့ ။ ဒါကလည်း နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတဲ့အခြေနေမျိုးပါ။ စိုးရိမ်ရေမှတ် ၆၆၀ ကျော်သွားရင်တော့ စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ ကယ်ဆယ်ရေးစခန်းဆိုတာက တောင်ငူမှာအရင်စစ်ရှောင်စခန်းတွေဖွင့်ထားတဲ့နေရာတွေရှိတော့ အဆင်သင့်ပါဘဲ။ စစ်တောင်းမြစ်ရေတက်လာတာကြောင့် တောင်ငူက ဒီနှစ်ထဲ ၄ ကြိမ်မြောက် ရေဘေးသင့်တာ”လို့ သူကပြောပါတယ်။

လတ်တလော စစ်တောင်းမြစ်ရေတက်လာတာဟာ နှစ်စဉ်ကြုံတွေ့နေရတဲ့အခြေ အနေမျိုးလောက်သာရှိနေသေးပေမဲ့ စိုး ရိမ်ရေမှတ် ၆၆၀စင်တီမီတာထိ ရောက်ရှိလာမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေ အနေရှိတယ်လို့သူကပြောပါတယ်။

“၆၆၀ စင်တီမီတာအထိ ရေတက်လာရင် လူဦးရေ ၇၀၀ ကျော်လောက်ကတော့ ရေဘေးသင့်မယ့် အခြေအနေပါ”လို့ ဆိုပါတယ်။

ဒီနေ့ တောင်ငူမြို့ရဲ့ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ၁ ပေခွဲခန့်မြင့်တက်လာနိုင်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသဌာနက အသိပေးထားပါတယ်။

ဓာတ်ပုံ-ကျော်သူရ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး