တောင်ကြီးမှာ မီးပုံးပျံပွဲကို သွားရောက်လည်ပတ်ပြီး ပြန်လာတဲ့ ကား တစီးဟာ နိုဝင်ဘာ ၉ ရက် နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်က ကလောမြို့နယ်မှာ ချောက်ထဲပြုတ်ကျပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မဂွေကျေးရွာကြား မိုင်တိုင်အမှတ် (၅၆/၆) မှာ တောင်ကြီးကနေ မန္တလေးကို မောင်းနှင်လာတဲ့ JINBEI အမျိုးအစားယာဉ်ဟာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ဘယ်ဘက်ချောက်ထဲသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“တောင်ကြီးမီးပုံးပျံပွဲကနေ ပြန်လာကြတာပါ။ ကားထဲမှာ လူက များတယ်။ ၃ ယောက်ကတော့ နေရာမှာတင်ဆုံးပါတယ်။”လို့ ကူညီကယ်ဆယ်ပေးခဲ့သူ တဦးက New Day Myanmar ကိုပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၈)၊ မ(၉) ဦး စုစုပေါင်း (၁၇) အနက် မ(၂)ဦး၊ ကျား(၁)ဦး စုစုပေါင်း(၃)ဦး ေ-သဆုံးပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူ (၁၄)ဦးတို့ကို နန့်ပန်တက်လူမှုကူညီရေးအသင်း၊ မကွေကျေးရွာလူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနဲ့ မဟာလူမှုကယ်ဆယ်ရေးအသင်း(အောင်ပန်း)တို့က ယာဉ်တွေနဲ့ ကလောမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – MSDF


