၂၂ အောက်တိုဘာ၊ ၂၀၂၄
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ခရီးသွားဧည့်သည် အလာများစေဖို့ စစ်ကောင်စီက နယ်မြေခံလုပ်ငန်းရှင်တွေနဲ့ခရီးသွားလုပ်ငန်းရှင်တွေကို ဖိအားပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဒီနှစ် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပေမယ့် လူအလာနည်းတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့စွန်ရပ်ကွက်တွေက လူတွေကို အကြိုအပို့ပြုလုပ်ပေးတာ ၊ လက်ဆောင်အဖြစ် ငွေကြေးပေးတာတွေ လုပ်ပြီး လူစည်ကားအောင် ဖန်တီးခဲ့ပါတယ်။
နိုဝင်ဘာလမှာကျရောက်မယ့် တန်ဆောင်တိုင်ကာလမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ခမ်းနားအောင်ကျင်းပနိုင်ဖို့ ဒေသခံလုပ်ငန်းရှင်တွေဆီက ငွေကြေးကောက်ခံတာ၊ ဖိအားပေးတာတွေ ပြုလုပ်နေတဲ့အပြင် ခရီးသွားလုပ်ငန်းရှင်တွေကိုပါ တောင်ကြီးခရီးစဉ်ကို ဦးစားပေးစီစဉ်ဖို့ မှာကြားတာတွေ ရှိတယ်လို့ဆိုပါတယ်။
“တောင်ကြီးခရီးစဉ်တွေကို ဦးစားပေးရောင်းဖို့၊ ဒါဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ရေကြီးခဲ့တဲ့နေရာတွေကို တနည်းတဖုံအကျိုးပြုတယ်ပေါ့ အဲ့လိုလေးတွေ ညွှန်ကြားထားတာ ရှိပါတယ်။ တကယ်က စည်အောင်လုပ်ချင် တာပါ။ အရင်ကဆို တရားမဝင် ခရီးသွားအေဂျင်စီတွေဆို ဖမ်းတယ်၊ အခုကျ ဘယ်ကပေါ်လာတာမှန်းမသိတဲ့ ခရီးသွားလုပ်ငန်း ဖေ့စ်ဘုတ်အကောင့်အသစ်တွေက တောင်ကြီးခရီးစဉ်တွေရောင်းတာ ၊ တောင်ကြီးဘက်ကို နောက်လထဲ ၅ ခါလောက်ထွက်မယ့် အေဂျင်စီတွေတောင်ရှိတယ်၊ သူတို့ပဲ ထောင် သူတို့ပဲ ခရီးစဉ်ရောင်းနေ တာလားမသိဘူး” လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
တောင်ကြီးမြို့ပေါ်မှာတော့ လုပ်ငန်းရှင်တွေကို ငွေကောက်ခံတဲ့သတင်းကြားမိပေမယ့် ဘယ်သူက ဦးစီးကောက်ခံနေတယ်ဆိုတာ မသိဘူးလို့ ဒေသခံစားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
“ငွေကတော့ ဟိုတယ်တွေ စားသောက်ဆိုင်တွေကို ကောက်နေတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ကိုတော့ မကောက်သေးပါဘူး၊ ကောက်တယ်ဆိုလည်း ဘယ်အဖွဲ့အနေနဲ့ကောက်တာလဲမသိသေးဘူး။ ပွဲတော်ဖြစ် မြောက်ရေးကလား ၊ စစ်တိုင်းရုံးကလား၊ စည်ပင်ကလား၊ ဘယ်အဖွဲ့ဖြစ်ဖြစ် သူတို့ပဲ ပေါင်းလုပ်ကြတာလေ” လို့ သူက ပြောဆိုပါတယ်။
ဒီနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာမယ့် နိုဝင်ဘာ ၉ ရက်က ၁၅ ရက်အထိ ကျင်းပ ပြုလုပ်မှာ ဖြစ်ပြီး ဒေသခံအများစုကတော့ ပွဲတော်အတွင်း တခုခု ဖြစ်မှာစိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ “မနှစ်ကလည်း နေ့လည်လည်း ကြည့်သူမရှိ ညဘက်လည်း မစည်ဘူး ။ အလုံး ၁၀၀ ကျော်ပဲလွှတ်တယ်ပြောတယ်။
ဗုံးပေါက်မလား ၊ ရှော့တိုက်ဒုံးထိမလားမသိဘဲ ဘယ်သူက သွားချင်မှာလဲ၊ တကယ်က တောင်ကြီးသူ တောင် ကြီးသားတွေက ယမ်းနဲ့မစိမ်းဘူး၊ မီးပုံပျံလွှတ်လို့ ပျက်ကျပြီး သေသူတွေလည်း ရှိတာပဲ ၊ အရင်ကဆို ကွင်းထဲ လင်းတဲ့ထိတောင် ပွဲဈေးလှည့်လိုက် စားလိုက် မီးပုံးပျံကြည့်လိုက် လုပ်ကြတာ၊ ဒါပေမဲ့ စစ်တပ်ကလုပ်တဲ့ ပွဲကိုတော့အန္တရာယ်ဖြစ်ခံပြီး မသွားတော့ဘူး” လို့ တောင်ကြီးဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်၂၀၂၂ နဲ့ ၂၀၂၃ မှာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပြန်လည်ကျင်းပပြီး အာဏာမသိမ်းခင် နှစ်တွေကလို စည်ကားခြင်းမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်က မီးပုံးပျံအလုံးရေ ၁၂၀ သာ လွှတ်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ် NLD အရပ်သားအစိုးရလက် ထက်မှာ မီးပုံးပျံ အလုံးရေ ၄၀၀ လွှတ်တင်ခဲ့ပါတယ်။
ပုံစာ – ၂၀၂၁ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ
Photo – MOI