၁၆ ဒီဇင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် AAက အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီလို့ AA က အတည်ပြုထားကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြချက်တွေအရ သိရပါတယ်။
AA ဟာ မောင်တော၊ တောင်ကုတ်၊ အမ်းနဲ့ ဂွ လေးမြို့နယ်ကို တပြိုင်နက် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်က မောင်တောမြို့နယ်ကို အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီး ဒီဇင်ဘာ ၁၄ ရက် ညနေမှာ တောင်ကုတ်မြို့ကို ထပ်ပြီး သိမ်းယူလိုက်တာ ဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လိုက်ပြီး ရှင်းလင်းနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ဆယ်မိနစ်မှာ စကခ ၅ တပ်မဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်နိုင်တယ်လို့ AA တပ်တော်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းဌာနတွေကို အတည်ပြု ပြောဆိုထားပါတယ်။
ဂွမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရေကြောင်း ပစ်ကူတွေ သုံးပြီး ခုခံနေတယ်လို့ သိရပါတယ်။ အမ်းမြို့နယ်မှာ နပခ ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ရှင်းလင်းရေး လုပ်ပြီး ထိုးစစ်ဆင်နေတယ်လို့ AA ဘက်က အတည်ပြုထားပါတယ်။
ဒီဇင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် နှစ်၅၀ပြည့်အထိမ်းအမှတ်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က AA ကို လက်နက်စွန့်ဖို့ နဲ့ AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြောင်း စာပို့ထားပါတယ်။
အာရက္ခတပ်တော် AA ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာကစတင်ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၂ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပါတယ်။
Photo – AA Info Desk