Homeနိုင်ငံတကာသတင်းတောင်ကိုရီးယားသမ္မတရုံးခန်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းရှာဖွေ

တောင်ကိုရီးယားသမ္မတရုံးခန်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းရှာဖွေ

၁၁ ဒီဇင်ဘာ၊ ၂၀၂၄

စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ ကြိုးစားခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယူလ် Yoon Suk Yeol ရဲ့ ရုံးခန်းကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၁ ရက်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ပြောဆိုချက်အရ သူတို့ဟာ ပြည်သူ့ဝန်ထမ်းရုံးတွေကို ဝင်ရောက်ခွင့်ရရှိထားပေမယ့် သမ္မတ ယွန် ရဲ့ ရုံးခန်းပင်မအဆောက်အအုံဟာ လုံခြုံရေးအစောင့်တွေက ပိတ်ဆို့ထားတဲ့အတွက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း AFP ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ဒီလို စီးနင်းရှာဖွေမှုဟာ တောင်ကိုရီးယားနိုင်ငံရေးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုဖြစ်ပါတယ်။

ရာထူးကဆင်းပေးဖို့ တောင်းဆိုမှုတွေ အများအပြားရှိပေမယ့် ရာထူးက မဆင်းပေးတဲ့ သမ္မတကို အစိုးရဌာနခွဲအသီးသီးက သူပုန်ထမှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေသလို လွှတ်တော်မှာလည်း အတိုက်အခံပါတီက ဦးဆောင်ပြီး ယွန်ကို ရာထူးက ဖြုတ်ချဖို့ဒါမှမဟုတ် သမ္မတအာဏာဆိုင်းငံ့ဖို့ အဆိုတင်သွင်းမဲခွဲဆုံးဖြတ်မှာ ဖြစပါတယ်။

သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာမှုကို တာဝန်ယူခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကလည်း ဒီဇင်ဘာ ၁၀ရက်ညက ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ မိမိကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောဆိုတယ်လို့ BBC သတင်းဌာနက ရေးသားပါတယ်။ ကင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားရဲချုပ် Cho Ji Ho နဲ့ ဆိုးလ်မြို့တော်က အကြီးတန်းရဲအရာရှိတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

သမ္မတယွန်နဲ့ နီးစပ်တဲ့ အစိုးရအရာရှိတွေဟာ စစ်အုပ်ချုပ်ရေးကြေညာပြီး အချိန်တိုအတွင်း ရာထူးက နှုတ်ထွက်ခဲ့ကြပါတယ်။ တောင်ကိုရီးယားမှာ နိုင်ငံရေးအကြပ်အတည်းတွေ ဖြစ်နေပြီး အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ယွန့်ကို သမ္မတအဖြစ်က ပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီး ပြည်တွင်းပြည်ပ ရေးရာတွေမှာ ပါဝင်ပတ်သတ်ခြင်းမပြုဖို့ တောင်းဆိုနေကြပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာတဲ့ညမှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှတ်တမ်းတွေနဲ့ စစ်အုပ်ချုပ်ရေးနဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေကို သိမ်းဆည်းဖို့ စုံစမ်းစစ်ဆေးသူရှစ်ဦးကိုလည်း သမ္မတရုံးခန်းကို စေလွှတ်ထားတယ်လို့ တောင်ကိုရီးယားပြည်တွင်းသတင်းဌာနတွေက ဆိုပါတယ်။

စီးနင်းမှုစတင်ချိန်မှာ သမ္မတယွန်ဟာ သူ့ရဲ့ရုံးခန်းမှာ မရှိဘူးလို့ဆိုပါတယ်။ အခုရှာဖွေမှုကို တာဝန်ရှိသူတွေက သမ္မတလုံခြုံရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ယွန်မှာ လက်ရှိအာဏာရှိခြင်းရှိ၊ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ဆန္ဒပြသူတွေဟာ ဆက်ပြီးတောင်းဆိုနေကြတယ်လို့ သိရပါတယ်။

Photo – TheKoreaTimes

ဆက်စပ် သတင်းများ

Most read