၃ ဒီဇင်ဘာ၊ ၂၀၂၄
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က နိုင်ငံရဲ့ အတိုက်အခံတွေဟာ လွှတ်တော်ကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး မြောက်ကိုရီးယားကို စာနာမှုနဲ့ တောင်ကိုရီးယားအစိုးရကို ဘာလှုပ်ရှားမှုမှ မလုပ်နိုင်အောင် လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေကို ဒီဇင်ဘာ ၃ ရက် ဒီနေ့ ညပိုင်းက ကြေညာလိုက်ပါတယ်။
Yoon ဟာ “မြောက်ကိုရီးယားလိုလားသော အင်အားစုများကို ချေမှုန်းပစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရက်တစ်အမိန့်ကို ကာကွယ်ရန်” ဆိုတဲ့ ကတိနဲ့အတူ မာရှယ်လောအမိန့်ထုတ်ပြန်ရခြင်းကို ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာခဲ့ပါတယ်။ ဒီလို စစ်အုပ်ချုပ်ရေးဥပဒေထုတ်တဲ့အတွက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီကို ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လွန်ခဲ့တဲ့လအနည်းငယ်က ပြည်သူ့ထောက်ခံမှုအဆင့် ကျဆင်းသွားခဲ့တဲ့ Yoon ဟာ ၂၀၂၂ ခုနှစ်မှာ အာဏာရလာပြီး အတိုက်အခံတွေထိန်းချုပ်ထားတဲ့ ပါလီမန်ကို တွန်းလှန်ဖို့ ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။
Yoon ရဲ့ ပါတီဖြစ်တဲ့ ရှေးရိုးစွဲ People Power ပါတီဟာ လာမယ့်နှစ်မှာ ဘတ်ဂျက်ဥပဒေကြမ်းအတွက် လစ်ဘရယ်အတိုက်အခံ ဒီမိုကရက်တစ်ပါတီနဲ့ ငြင်းခုန်နေရပြီး ခွင့်ပြုခံရခြင်းမရှိသေးပါဘူး။ သူ့ရဲ့ဇနီးနဲ့ အစိုးရထိပ်တန်းအရာရှိတွေပါဝင်တဲ့ အရှုပ်တော်ပုံတွေနဲ့ပတ်သတ်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားတာ ကိုလည်း ပယ်ချခဲ့ပါတယ်။
Yoonရဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေငြာချက်အပြီးမှာ ဒီမိုကရက်တစ်ပါတီက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ကြောင်းသိရပါတယ်။
Photo – အေပီ