Homeပြည်တွင်းသတင်းတီးတိန်မြို့ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်

တီးတိန်မြို့ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်


၃ ဇွန်၊ ၂၀၂၄


ဇွန်လ ၁ရက် ည ၉ နာရီက ချင်းပြည်နယ် တီးတိန်မြို့ပေါ်က နေအိမ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဇွန်လ ၂ ရက်မနက်ပိုင်းထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

တီးတိန်မြို့တွင်းမှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ဇွန်လ ၁ ရက် ည ၉ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လွယ်ဘွာလ် (Lawibual) ရပ်ကွက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ခြေ ၈၀ ကျော်ပါသွားပြီး ဒါဟာ စစ်ကောင်စီရဲ့ တီးတိန်မြို့က လူနေအိမ်ကို ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရင်း ခလရ ၂၆၉ ကနေ မြို့ထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နောက်တနေ့မနက်ပိုင်းထိ ပစ်ခတ်ကြတယ်လို့ သိရပါတယ်။

တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို PDF-Zoland နဲ့ ချင်းညီနောင်ပူးပေါင်းတပ်တွေ စတင်ထိုးစစ် ဆင် ခဲ့တဲ့ မေလ ၂၆ရက်က စစ်ကောင်စီက တီးတိန်မြို့က လူနေအိမ်တွေကို ပထမအကြိမ် မီးရှို့ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို အရှင်ဖမ်းမိပြီး စစ်စခန်း ၂ ခုကို သိမ်းယူနိုင်ခဲ့ပါတယ်။
တီးတိန်မြို့မှာ ရပ်ကွက် ၄ ခုရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၈သောင်းကျော်ရှိပါတယ်။
စာရင်းထဲမပါသေးတဲ့ တခြားနယ်က ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိနေတာကြောင့် လူဦးရေ တစ်သိန်းဝန်းကျင်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ လက်ရှိအချိန်မှာ တီးတိန်မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေပြီး စစ်ရှောင်တွေဟာ တီးတိန်မြို့စွန်တောစပ်၊ ကလေးဒေသ နဲ့ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်ဘက်ကို သွားပြီး ရှောင်နေကြပါတယ်။

ဇွန်လ ၁ ရက်က တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ ကို စစ်ရဟတ်ယာဉ် ၂ စီးနဲ့ ရိက္ခာ၊ လက်နက်နဲ့ တပ်ကူတွေ လာပို့ခဲ့တာကို ဒေသခံတချို့က မြင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ တီးတိန်မြို့နာရီစင်အနီးနဲ့ လွယ်ဘွေရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားနေတုန်းလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read