တအာင်းအမျိုးသားပါတီ TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ တအာင်းအရပ်ဖက်အစုအဖွဲ့တွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ရဲ့ နိုင်ငံရေးထိပ်သီးအစည်းအဝေးကနေ တအာင်းပြည်ကောင်စီ Ta’ang Land Council-TLC ကို ဖွဲ့စည်းလိုက်တယ်လို့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးထိပ်သီးအစည်းအဝေးကို အစုအဖွဲ့ (၃) ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ စုစုပေါင်း(၈၃)ဦး တက် ရောက်ခဲ့ကြပြီး၊ ၂၀၂၅ ခုနှစ် ဇွန်လ (၁) ရက်ကနေ (၃) ရက်နေ့ထိ တအာင်းပြည်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ-TSCDC ရေးဆွဲထားတဲ့ “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ” ကို လက်ခံအတည်ပြုကြပြီး၊ “တအာင်းပြည်ကောင်စီ” Ta’ang Land Council-TLC ကို တအာင်းပြည် ရဲ့ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီ အစီအမံအရ ၂၀၂၁ ခုနှစ်၊ မတ်လ (၂၄) ရက်က ဖွဲ့စည်းတာဝန်ယူခဲ့တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ကို တအာင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အဓိကမဏ္ဍိုင်ကြီး(၃)ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရန်အတွက် ပြောင်းလဲဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။
တအာင်းပြည်ကောင်စီ -TLC ကို ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က တာဝန်ယူသွားမယ်လို့လည်း သိရပါတယ်။
တအာင်းပြည်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ မဟာမိတ်တွေ ဦးဆောင်ပြီး ဘုံရန်သူ စစ်ကောင်စီကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့သတဲ့ နယ်မြေတွေကို အခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရ တရပ်ကို အစုအဖွဲ့(၃)ဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ အပြင် သင့်လျော်တဲ့ ပြည်သူလူထု ကိုယ် စားလှယ်တွေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ဖွဲ့စည်းနိုင်ဖို့ အမြန်ဆုံးကြိုးပမ်းဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာပြည်တော်လှန်ရေးအင်အားစုတွေ နဲ့ အတူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်ဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။
ဓါတ်ပုံ – TNLA