၂၂ စက်တင်ဘာ၊ ၂၀၂၄
တရုတ်နိုင်ငံက ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ MNDAA စာထုတ်တောင်းဆိုပြီး ၃ ရက်အကြာ စက်တင်ဘာ ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်၊ မနေ့က ည ၁၀နာရီ ၁၅ ဝန်းကျင်မှာ လားရှိုးမြို့ကို စစ်ကောင်စီက ဖျက်အားပြင်း ဗုံး ၂လုံး ကြဲချခဲ့ပြီး နောက်ထပ်လေယာဉ်တစ်စီးလည်း ကောင်းကင်မှာ ဝဲနေခဲ့တယ်လို့ လားရှိုးမြို့ခံတွေက ဆိုပါတယ်။ လားရှိုးမိုတယ်အရှေ့နဲ့ ရပ်ကွက်(၁၂) အထက(၃)ကျောင်းရှေ့၊ အိမ်တွင်းမှုကျောင်းဘေးက ပြောင်းပွဲရုံတိုက်ပေါ် ကျပြီး လူထိခိုက်မှုမရှိ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
MNDAA က စက်တင်ဘာလ ၁၈ ရက်က စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကိုသာ ဦးတည်ပြီး မန္တလေးနဲ့ တောင်ကြီးမြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်မှာ မဟုတ်ကြောင်း ၊ NUG နဲ့ ပူးပေါင်းမှုမရှိကြောင်း နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၁၃ရက်ညပိုင်းကလည်း လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၁၀ရက်၊ မွန်းလွဲ ၁နာရီ ဝန်းကျင်မှာလည်း နမ့်ပေါင်ကျေးရွာအနီးက နမ္မကျောက်မီးသွေးတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်မှာ လားရှိုးမြို့ရပ်ကွက်(၁) တိုင်းထွေအုပ်ရုံးအဝင်ဝကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်မှာ လားရှိုးမြို့ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံအားကစားရုံနဲ့ ရေပူစမ်းအနီးက Silver Sky ဟိုတယ်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေရဲ့ အိမ်စီးကား၊ ကုန်တင်ကားတွေ ပျက်စီးခဲ့ပါတယ်။
ကိုးကန့်တပ်မတော် MNDAAဟာ ၁၀၂၇ စစ်ဆင်ရေးတွေမှာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရမခကို သိမ်းယူထားပြီး လားရှိုးမြို့၊ သိန္နီမြို့၊ ကွမ်းလုံမြို့၊ချင်းရွှေဟော်မြို့၊ လောက်ကိုင်မြို့ ၊ကုန်းကြမ်းမြို့ ၊ဖောင်းဆိုင်မြို့ ၊မုန်းကိုးမြို့၊ ပန်ဆိုင်းမြို့တွေကို သိမ်းယူထားပါတယ်။
ပုံစာ – စက်တင်ဘာ ၂၁ ညပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီ လာရောက်ဗုံးကြဲပြီး တွေ့ရစဉ်
Photo – CJ