Homeပြည်တွင်းသတင်းတရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန်ဝေဖန်

တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ကို မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန်ဝေဖန်

၂၄ ဧပြီ၊ ၂၀၂၅

မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်က ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူးဆိုပြီး တရုတ်သံရုံးရဲ့ ထုတ်ပြန်မှုအပေါ် မြန်မာပြည်သူတွေ က ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိနေပါတယ်။

ဧပြီ ၂၂ ရက်က ထုတ်ပြန်တဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ မြန်မာပြည်မြောက်ပိုင်းက လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ဆီကနေ မြန်မာစစ်တပ်ထံ လွဲပြောင်းဖို့ အတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun ရဲ့ ပြန်လည်ဖြေကြားချက်ကို ဖော်ပြထားပါတယ်။

Mr. Guo Jiakun “တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာမိတ်ဖက်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်ကိုက်ညီပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများ၏ ဆန္ဒနှင့်တောင်းဆိုချက်အရ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံမှ မြှင့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံသည် တက်ကြွစွာ ပံ့ပိုးကူညီလျက် ရှိပါသည်။ ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအစိုးရနှင့် MNDAA တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် မကြာသေးမီက ပစ်ခတ်ရပ်စဲမှု စောင့်ကြည်ရေးအဖွဲ့ ကိုမြန်မာနိုင်ငံ လားရှိုးမြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်နှင့် MNDAA တို့အကြား ပစ်ခတ်ရပ်စဲ‌ရေးကို စောင့်ကြည်သွားမည်ဖြစ်ပြီး လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင်သက်သေခံသွားမည်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။”လို့ ဖြေကြားခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြတာပါ။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်နဲ့ Mr. Guo Jiakun ရဲ့ပြောဆိုချက်ဟာ အလိမ်အညာတွေသာဖြစ်ပြီး မြန်မာပြည်တွင်းရေးမှာ တရုတ်က သိသိသာသာ ဝင်ရောက် စွက်ဖက်နေတာကို ဗြောင်ငြင်းတာသာဖြစ်တယ်လို့ လူ့မှုကွန်ရက်မှာ တုန့်ပြန်ကြပါတယ်။

“တရုတ်နိုင်ငံသည်လူလိမ်၊ အရှက်မရှိသောနိုင်ငံဖြစ်တယ်။ မြန်မာပြည်တွင်းရေးကို၀င်မစွက်ဖက်ဘူးဆိုပြီးဘာလို့၀င်စွက်ဖက်နေတာလဲ။ ပြည်သူကိုအကြမ်းဖက်နေတဲ့စကစကိုအားပေးထောက်ခံလို့ တရုတ်ပြည်လည်းအမြန်ပျက်သုန်းပါစေ။ နိုင်ငံလည်းအစိတ်စိတ်အမွာမွာဖြစ်ပါစေ။ ထိုင်၀မ်သည်လွတ်လပ်သောနိုင်ငံဖြစ်တယ်။ တိဗက်ပြည်လည်းလွတ်လပ်သောနိုင်ငံဖြစ်ပါတယ်။”လို့ လူမှုကွန်ရက်သုံးစွဲသူ တဦးကရေးသားထားပါတယ်။

ရှိုင်းပွင့်ဖြူဆိုတဲ့ အကောင့်ကလည်း” တရုတ်နိုင်ငံအစိုးရက တကယ်ပဲအရှက်မရှိတာပဲအရေးမပါတဲ့ကြားဝင်မှု ပြည်သူတွေ မလိုလားတဲ့ကြားဝင်မှုကို လုပ်နေတာပါ။မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အခု တရုတ်ရဲ့ လုပ်ရပ်ကိုခေတ်သစ်နယ်ချဲ့ခြင်းလို့ပဲမြင်ပါတယ်။” လို့ ရေးသားထားပါတယ်။

လက်ရှိမှာတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် လားရှိုးကိုရောက်နေပြီး အပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့ကို ဦးစီးကာ လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်ထည့်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read