၄ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ဘေးဒဏ်ကို ခံစားနေရတဲ့ လူထုကို ငဲ့ညှာတဲ့အနေနဲ့ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းရေး ကာကွယ်ဖို့နဲ့ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို သဘောတူကာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ကိုးကန့်တပ်မတော်-MNDAA က ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။
MNDAA အနေနဲ့ နိုင်ငံသစ်ကို ထူထောင်မှာ မဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုတာဖြစ်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းကာကွယ်သွားမယ်လို့ ပြောဆိုပါတယ်။
ထုတ်ပြန်ချက်ထုတ်တဲ့နေ့ကစပြီး စစ်ကောင်စီကို MNDAA ဘက်က ထိုးစစ်စတင်မှာ မဟုတ်ဘဲ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွပါဝင်ပြီး ရှမ်းမြောက် လားရှိုးမြို့ကိစ္စအပါအဝင်နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောဆိုပါတယ်။
စစ်ကောင်စီဘက်က နိုင်ငံတဝန်းမှာ ပြုလုပ်နေတဲ့ ထိုးစစ်ဆင်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ MNDAA က ဆိုပါတယ်။ MNDAA အနေနဲ့ တွေဆုံဆွေးနွေးမှာဖြစ်ပေမယ့် မိမိကိုယ်ကိုခုခံ ကာကွယ်ပိုင်ခွင့်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုပါတယ်။
MNDAA ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ဖူးပါတယ်။ ဒါပေမယ့် ထုတ်ပြန်ပြီးမကြာမီမှာ စစ်ကောင်စီဘက်က MNDAA ထိန်းချုပ်တဲ့မြို့တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
အတည်မပြုနိုင်တဲ့သတင်းတွေအရ MNDAA ကို တရုတ်နိုင်ငံက တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးနေသလို MNDAA ရဲ့ ဥက္ကဌ ဖုန်တာရွှင်ကို တရုတ်ဘက်က ဖမ်ဆီးထားတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါ့အပြင် မူဆယ်မြို့တစ်မြို့စာပဲ စားသောက်ကုန်သွင်းခွင့်ပေးပြီး ဝ ပြည်နယ်ဘက်မှာလည်း ကိုးကန့်ဘက်ကို ကုန်စည် မရောက်စေဖို့ တရုတ်က တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပါတယ်။
MNDAA နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော်-TNLA ကလည်း နိုဝင်ဘာ ၂၅ ရက်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဘက်က TNLA ထိန်းချုပ်တဲ့မြို့တွေကို လေကြောင်းကကော မြေပြင်ကပါ တိုက်ခိုက်နေပါတယ်။
Photo – MNDAA