၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ရဲတပ်ဖွဲ့မှ ရဲအရာရှိနှစ်ဦးကို ရာထူးက ယာယီရပ်နားထားတယ်လို့ ထိုင်းသတင်းဌာန Matichonက ဖော်ပြပါတယ်။
ရဲမင်းကြီး Ekkarat Inthasueb နဲ့ တာ့ခ်ပြည်နယ်ရဲချုပ် ရဲမင်းကြီး Samrit Ekkamolတို့ကို ရာထူးက ယာယီရပ်နားခံထားရပြီး သူတို့နှစ်ဦးဟာ မြဝတီက ရာဇဝတ်ဂိုဏ်းတွေကြောင့် ရာထူးရပ်နားခံထားရတာဖြစ်ပါတယ်။
ရဲမင်းကြီး Ekkarat Inthasueb ကို မြဝတီမြို့က ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သတ်နေတယ်လို့ စွဲဆိုထားပြီး တာ့ခ်ပြည်နယ်ရဲချုပ်စမ်ရစ်ကလည်း တာ့ခရိုင်ဒေသက ရာဇဝတ်ဂိုဏ်းတွေကို ထိရောက်စွာ အရေးမယူခဲ့မှုကြောင့် စွပ်စွဲခံထားရပါတယ်။
ထိုင်းပြည်သူ့ပါတီက မြဝတီမြို့မှာ ကာစီနို ၁၇ ခုရှိပြီး ဒီလုပ်ငန်းထဲမှာ ထိုင်းလုပ်ငန်းရှင်တွေပါ ပါဝင်ပတ်သက်နေကြောင်းနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ထိုင်းရဲမင်းကြီးတစ်ဦးကလည်း ကာစီနိုတစ်ခု ပိုင်ဆိုင်ထားကြောင်း ၂၀၂၄ ဧပြီလအတွင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachaiကလည်း တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သတ်နေတဲ့ အစိုးရအရာရှိတွေကို နယ်စပ်က ဖယ်ရှားပြီး ထိထိရောက်ရောက်နှိမ်နင်းသွားမယ်လို့ ဖေဖော်ဝါရီ ၁၁ ဒီနေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။