Homeပြည်တွင်းသတင်းတရုတ်နဲ့ ထိုင်ဝမ်ပေါင်းစည်းရေးကို ထောက်ခံတယ်လို့ တရုတ်ကို အားကိုးနေရတဲ့ မြန်မာစစ်တပ်ပြော

တရုတ်နဲ့ ထိုင်ဝမ်ပေါင်းစည်းရေးကို ထောက်ခံတယ်လို့ တရုတ်ကို အားကိုးနေရတဲ့ မြန်မာစစ်တပ်ပြော

ဒီဇင်ဘာ ၂၀၂၆

တရုတ်နဲ့ထိုင်ဝမ်ပြဿနာဟာ ပြည်တွင်းရေးဖြစ်သလို ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ တရုတ်ကို အားကိုးနေရတဲ့ မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်နဲ့ ပြန်ပေါင်းစည်းဖို့ ရည်ရွယ်ချက်ကို ထောက်ခံတယ်လို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ခွဲထွက်ရေးဟာ ဒေသတွင်း လုံခြုံရေးကို ထိခိုက်စေပြီး ပဋိပက္ခတွေကို မြင့်တက်လာစေမယ်လို့ လည်း စစ်ကော်မရှင်ကဆိုပါတယ်။

မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမှာ သူတို့ ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို MNDAA နဲ့ TNLA ဆီကနေ တရုတ်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူခဲ့သလို မြန်မာပြည်သူတွေ လက်မခံတဲ့ ရွေးကောက်ပွဲအတွက်လည်း တရုတ်ရဲ့ ထောက်ခံမှုနဲ့ အကူအညီကို ရယူခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ နဲ့ ၃၀ ရက်တွေမှာ တရုတ်က ထိုင်ဝမ်ကို ပိတ်ဆို့ပြီး အင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုကို ထိုင်ဝမ်က ရှုတ်ချထားပါတယ်။

အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဒသမ ၁ သန်း တန်ဖိုးရှိ စစ်လက်နက်တွေ ရောင်းချမယ်လို့ ပြောဆိုအပြီး တရုတ်က အခုလို အင်အားအလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပိုင်နက်ထဲ ပေါင်းစည်း သိမ်းသွင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားထားပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကတော့ ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ပြီး ကာကွယ်ရေး အင်အား အားပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။

ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတတို့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက တရုတ်ပြည်မှာ တွေ့ဆုံစဉ်

ဓါတ်ပုံ – Ministry of Foreign Affairs of China

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး