Homeပြည်တွင်းသတင်းတရုတ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းမှာ မဟာဗျူဟာအကြံပေးလုပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထား

တရုတ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းမှာ မဟာဗျူဟာအကြံပေးလုပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထား

၁၀ မတ်၊ ၂၀၂၅

တရုတ်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို စုံစမ်းစစ်ဆေးဖို့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ Energy Transition Minerals (ETM) ကုမ္ပဏီမှာ မဟာဗျူဟာအကြံပေးအဖြစ် မကြာသေးခင်က ခန့်အပ်ခဲ့ပြီး အဲ့ဒါဟာ မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်မှုရှိတဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်တဲ့ ဂရင်းလန်းဒေသရှိ အငြင်းပွားဖွယ် ယူရေနီယမ်နဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်း အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒါဟာ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေ ဖြေရှင်းဆောင်ရွက်ရမယ့်သူ့အတွက် ဒီမိုကရေစီဘက်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ထိခိုက်နစ်နာတဲ့ ရပ်ရွာလူထုတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ယုံကြည်မှုနှင့် သမာသမတ်ရှိမှုတို့က မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကုလမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီရိုဂူတာရက်စ့်အနေနဲ့ ဂျူလီဘိရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေက ကျိုးစီးပွားပဋိပက္ခတွေကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးဖို့ Justice For Myanmar က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီး၊ မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍကအပါအဝင် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တွေ ကိုလည်း ပေးနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရတို့ကြား စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုမှန်သမျှကို စိုးရိမ်မကင်း ရှိနေမှာဖြစ်ပြီး၊ အထူးကိုယ်စားလှယ်တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။”လို့ ပြောပါတယ်။

ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM ကတဆင့် ဂျူလီဘိရှော့ရဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေနဲ့ ဆက်နွှယ်မှုတွေကို Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဂျူလီဘိရှော့ကို သူ့ရဲ့စီးပွားရေးအကြံပေးလုပ်ငန်း Julie Bishop and Partners ကတဆင့် ETM ကုမ္ပဏီရဲ့ မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Shenghe Resources ဟာ ETM ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်ပြီး Shenghe Resources ရဲ့ ထုတ်ပြန်ချက်တွေအရ အဲ့ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတွေ တူးဖော်ရယူခဲ့တယ်လို့ ဆိုပါတယ်။

ETM ၏ နောက်ထပ်မိတ်ဖက်ကုမ္ပဏီတစ်ခုတဲ့ China Communications Construction Company (CCCC)ဟာ မြန်မာနိုင်ငံမှာ အသက်ဝင်ဆဲဖြစ်ပြီး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေ၊ ကျောက်ဖြူရေနက်စီမံကိန်းလို့ စီမံကိန်းတွေ နဲ့ ဆက်နွယ်နေပါတယ်။

ဂျူလီဘိရှော့ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပုံစာ – တာဝန်ယူပြီး အစောပိုင်းကာလ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံစဥ်။
ဓါတ်ပုံ – တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ

Most read