Homeပြည်တွင်းသတင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိခရီးစဉ်ကို တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့ ထုတ်ပြန်ချက် ကွဲလွဲနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိခရီးစဉ်ကို တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့ ထုတ်ပြန်ချက် ကွဲလွဲနေ

၁၆ ဩဂုတ်၊ ၂၀၂၄

ဩဂုတ်လ ၁၄ ရက်က တရုတ်နိုင်ငံခြားရေးဝမ်ယိဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပြီး ဝမ်ယိရဲ့ပြောဆိုမှုတွေကို ပြန်လည်ဖော်ပြမှုမှာ စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ တရုတ် အစိုးရတရားဝင်ထုတ်ပြန်ချက်တို့ အတော်လေး ကွဲလွဲနေခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာအပေါ်ထားတဲ့ တရုတ်ရဲ့ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူ တစ်ရပ်လုံးကို မျက်နှာမူကြောင်း ပြောဆိုသွားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒီစကားမပါဝင်ခဲ့ပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ EAO အဖွဲ့တွေရဲ့ မြို့ရွာတွေအပေါ် တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရုတ်က ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောဆိုထားတယ်လို့ စစ်ကောင်စီ မီဒီယာတွေက ရေးသားပေမဲ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ လုံးဝ မတွေ့ရပါဘူး။

ဒါ့အပြင် စစ်ကောင်စီက ပြုလုပ်မဲ့ အထွေထွေ ရွေးကောက်ပွဲကို တရုတ်နိုင်ငံအစိုးရက ထောက်ခံတယ်လို့ ပြောကြားကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက ဖော်ပြပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်မှာ မပါဝင်ပါဘူး။

တရုတ်အစိုးရဘက်က ထုတ်ပြန်ချက်မှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ် ရေး၊ အချုပ်အခြာ အာဏာ၊ နိုင်ငံရေးပြန်လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့ကို ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံ မတည် မငြိမ်ဖြစ်ပြီး စစ်ပွဲဖြစ်ပွားနေမှု၊ ပြည်ပစွက်ဖက်မှုတွေကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့တယ်လို့သာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချတဲ့ ပြောဆိုလုပ်ဆောင်မှုအားလုံးကို ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေဟာ အတော်လေး ကွဲလွဲနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန မြန်မာစာမျက်နှာနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး လူမှုကွန်ယက်တို့မှာ မြန်မာဘာသာနဲ့ ဩဂုတ်လ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

ပုံစာ(စစ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ်)

Photo-Chinese Embassy in Myanmar

ဆက်စပ် သတင်းများ

Most read