Homeပြည်တွင်းသတင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာမယ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာမယ်

၁၃ ဩဂုတ်၊ ၂၀၂၄

မြန်မာ စစ်ကောင်စီ က မြောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကို ရှုံးနိမ့်နေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို သြဂုတ် ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လာရောက်ဖို့ရှိနေတယ်လို့ ကြေညာပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်သည်။ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်သည်။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ပြီးရင်တော့ ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပဖို့ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်ဖို့ ထိုင်းနိုင်ငံကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

ပုံစာ – ၂၀၁၇ ခုနှစ်က တွေ့ရသော မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ

ဆက်စပ် သတင်းများ

Most read