၁၇ နိုဝင်ဘာ၊ ၂၀၂၄
နိုဝင်ဘာ ၅ ရက်က ၁၀ ရက်အထိ တရုတ်နိုင်ငံခရီးစဉ်သွားရောက်ထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကို ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ Mr. Alexey Sambuevich Tsydenov လာရောက်ပြီး နေပြည်တော် တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်တာကို အတူကြည့်ရှုပြီးနောက်မှာ စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို သွားရောက်မယ့် သတင်းတွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံအပြင် ရုရှားရဲ့အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံကိုလည်း သွားရောက်ဖွယ်ရှိနေပြီး ဘယ်လာရုစ်ကလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒီခရီးစဉ် သွားဖြစ်ရင် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ရဲ့ ၄ ကြိမ်မြောက် ရုရှားခရီးစဉ်ဖြစ်လာမှာ ဖြစ်ပြီး တပ်ချုပ်အနေနဲ့ ၁၀ကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် နောက်ဆုံးသွားတဲ့ ရုရှားခရီးစဥ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီး ဗလာဒီဗော့စတော့မြို့က အရှေ့ဖျားဖိုရမ်ကို တက်ရောက်ခဲ့တာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဇွန်လက ပထမဆုံးအကြိမ် ရုရှားကိုသွားရောက်ခဲ့ပြီး သမ္မတပူတင်နဲ့တွေ့ခွင့်မရခဲ့ပါဘူး။ ၂၀၂၂ တုန်းကသွားခဲ့တဲ့ ခရီးစဥ်က ရုရှားနိုင်ငံ ကာလုဂါပြည်နယ်၊ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်အတွင်းမှာ ပုဂံရွှေစည်းခုံစေတီတော်ရဲ့ ပုံစံတူစေတီကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး မဟာမဲခေါင်ထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီး တရုတ် ဝန်ကြီးချုပ် ဝန်ကြီးချုပ်လီချန်းနဲ့ သီးသန့်တွေ့ဆုံပြီးနောက် တရုတ် မြန်မာနှစ်နိုင်ငံပူးပေါင်း လုံခြုံရေးကုမ္ပဏီထောင်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပုံစာ – ၂၀၂၂ စက်တင်ဘာလက ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံစဉ်
Photo – President of Russia