ထိုင်း-မြန်မာ နယ်စပ်တလျှောက်အတွင်း မြန်မာလူမျိုးအများစုလုပ်ကိုင်နေကြတဲ့ ပုဂ္ဂလိက ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ Cargo လုပ်ငန်းအများစုမှာ ပိုင်ရှင်မပေါ်တဲ့ ဆေးခြောက် ပို့ဆောင်မူ တွေနဲ့ကြုံတွေ့လာရမူပိုများလာတယ်လို့ Cargo လုပ်ငန်းလုပ်ကိုင်သူတွေကပြောနေကြပါတယ်။
Cargo လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပြောဆိုမှုအရတော့ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ကုန် သွယ်ခွင့်ပြုလိုက်တဲ့နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်မှာ လုပ်ကိုင်နေတဲ့ Cargo လုပ်ငန်း တွေကို အသုံးချပြီး မြန်မာပြည်တွင်းကိုပို့ဆောင်မူတွေလုပ်ဆောင်လာတာ ပိုများလာတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့လုပ်ငန်းကိုကကုန်စည်ပို့ဆောင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ပစ္စည်းတွေထဲတရားမဝင် မူးယစ်ဆေးဝါးတွေ ရောထဲပြီးပို့တာလည်းအရင်ကကြုံဖူးတယ် ဒါပေမယ့် အခုနောက်ပိုင်းမှာ ပိုများလာတယ်။ အထူးသဖြင့် ဆေးခြောက်တွေပို့တာများလာတယ်။ ထိုင်းဘက်ကတရားဝင်ခွင့် ပြုထားပေမယ့် မြန်မာပြည်မှာက တရားမဝင်ဘူး။ မစစ်မိလို့ပါသွားပြီး ပြည်တွင်းမှာ အဖမ်းခံရလို့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေရင်းက ဘဝတွေပျက်နေတဲ့ ကားသမား တွေလည်းအများကြီး” လို့ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်-တာချီလိတ် မှာ ၅ နှစ်ကျော် Cargo လုပ်ငန်းလုပ်ကိုင်နေသူတဦးက New Day Myanmar သတင်းဌာနကိုပြောပါတယ်။
ဆေးခြောက်ကို ထိုင်းနိုင်အတွင်းကနေ ပြည်တွင်းကိုပို့ဆောင်သူအများစုဟာ မြန်မာလူမျိုးများဖြစ်ပြီး ၂၀၂၄ -၂၀၂၅ ခုနှစ် အတွင်း နည်းလမ်းမျိုးစုံနဲ့ ပို့ဆောင်မူတွေလုပ်ဆောင်လာသလိုလုပ်ငန်း စတင်လုပ်ကိုင်ခါစ Cargo လုပ်ငန်းတွေကို ပိုမိုပစ်မှတ်ထား အသုံးချပို့ဆောင်လာတာတွေ့ရတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ဆို ဒီလုပ်ငန်းစလုပ်တာ သုံးလလောက်ပဲရှိသေးတယ် သူငယ်ချင်းတွေစုပြီးလုပ်ကြတာ အခုမြန်မာပြည်ကို ပို့လိုက်တဲ့ ပစ္စည်းတွေထဲ ဆေးခြောက် ၃ ကီလိုပါသွားတယ် မသိလိုက်ဘူး ဟိုမှာ မိတယ်။ ဟိုဘက်ရဲက ပစ္စည်းပို့တဲ့သူမမိတော့ ကားသမားကိုဖမ်းထားတယ် ပိုက်ဆံသိန်း ရာချီတောင်းတယ်။ ကျွန်တော်တို့မှာက ပစ္စည်းပို့ခတစ်ဖာကို ဘတ် ၁၀၀ လောက်ရတာ ဘယ်လိုလုပ်မတုန်း” ဟု ဘန်ကောက် – မြဝတီ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း စတင်လုပ်ကိုင်နေသူတဦးက New Day Myanmar သတင်းဌာနကို ပြောပါတယ်။
ဒီလိုဖြစ်စဉ်တွေဖြစ်ပေါ်လာတဲ့အပေါ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေက သက်ဆိုင်ရာ ပစ္စည်းပို့ ဆောင်သူတွေထံ ဆက်သွယ်ပြောဆိုမှုတွေလုပ်ဆောင်ပေမယ့် ရှောင်ပြေးမှုတွေနဲ့သာကြုံတွေနေရပြီး ဆိုရှယ်လ်မီဒီယာပေါ်မှ အသိပေးအကြောင်းကြားမှုတွေလုပ်ဆောင်ပါကလည်း အုပ်စုဖွဲ့တိုက်ခိုက်တာ ခြိမ်းခြောက်ခံရတာတွေ ကြုံတွေလာရတယ်လို့လည်း Cargo လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ဆက်လက်ပြီး Cargo လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းမှာ ဖမ်းဆီးခံရမှုဖြစ်စဉ်တွေမှာလည်း အမှုကိစ္စများဖြေရှင်းရတာ၊ အဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်အတွက် တာဝန်ယူဆောင် ရွက်ပေးရမှုတွေ နဲ့ စစ်ကော်မရှင်(ယခင်စစ်ကောင်စီ)လက်အောက်ခံရဲဌာနတွေရဲ့ အဆမတန် ငွေကြေးတောင်းခံမှုတွေ ပိုမိုကြုံ တွေ့လာ ရတယ်လို့လည်း သိရပါတယ်။
“ကျွန်မဆိုရင် ဒီလုပ်ငန်းလုပ်တာ ၈ နှစ်ကျော်ပြီ အတွေ့အကြုံမျိုးစုံလည်းကြုံဖူးတယ် လက်ရှိလည်း ကျွန်မ ကားဆရာ ဆေးခြောက်ပို့ဆောင်မှုနဲ့ ထောင်ကျနေတယ်။ ပို့တာကလည်း ၃ နှစ်လောက် လက်တွဲလုပ်လာတဲ့ ကုမ္ပဏီတခုက လုပ်တာ။ မြန်မာပဲ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သဘောပေါ့ အခု လက်ရှိလည်း အဲ့ကိစ္စကိုဖြေရှင်းဖို့လုပ်နေတယ်။ ဒါကြောင့် Cargo လုပ်ငန်း လုပ်တဲ့သူတွေအနေနဲ့ ဘယ်သူကိုမှမယုံဖို့နဲ့ ပို့လာတဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့ သတိပေးချင်တယ်” လို့ မဲဆောက်-မြဝတီ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ မဝင်းဝင်းက New Day Myanmar ဌာနကိုပြောပါတယ်။
စစ်ကော်မရှင်(ယခင်စစ်ကောင်စီ)လက်အောက်ခံရဲဌာနတွေကလည်း ပစ္စည်းဖမ်းဆီးရမိပါက ဖမ်းဆီးရမိတဲ့ ကားဆရာနဲ့ကားကိုသာ ဖမ်းဆီးအရေးယူဆောင်ရွက်တာ၊ ငွေကြေးအမြောက်အများ တောင်းဆိုခြင်းတွေသာ လုပ်ဆောင် နေပြီး ပစ္စည်းပို့ဆောင်သူနဲ့ ပစ္စည်းလက်ခံသူ အစရှိတဲ့နောက်ဆက်တွဲစစ်ဆေးဖမ်းဆီး အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ခြင်း မရှိတော့ဘူးလို့လည်း သူကပြောပါတယ်။
“ဒီဖြစ်စဉ်တွေက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ဖြစ်တာဖြစ်သလို နှစ်နိုင်ငံ ဥပဒေကြောင့်ဆောင် ရွက်ရတာမလွယ်ကူပါဘူး တခုတော့ရှိတာပေါ့ ထိုင်းက တရားဝင်ခွင့်ပြုထားတယ်ဆိုပေမယ့်လည်း ပမာ ဏများများကုန်သွယ်ပို့ဆောင်မယ်ဆိုရင်တော့ ခွင့်ပြုချက်တွေလိုပါတယ်။ ကိုယ်ဆီကို တရားဝင် အကြောင်းကြားထားတာမရှိဘဲ ပမာဏအမြောက်အမြား ပို့လာပြီဆိုရင်တော့ သက်ဆိုင်ရာကို အကြောင်းကြားပြီး ပို့ဆောင်သူကို အမှုဖွင့်အရေးယူဆောင်ရွက်လို့ရပါတယ်“ လို့ CDM ရှေ့နေတဦးက ပြောပါတယ်။
Cargo လုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ထံ ပို့ဆောင်လာတဲ့ ပစ္စည်းတွေကို စစ်ဆေးမှုပြု လုပ်ဖို့ လိုအပ်သလို ပစ္စည်းတွေ အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဘယ်လို ပစ္စည်းကိုမဆိုတွေ့ရှိပါ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို ချက်ခြင်းအကြောင်းကြား အသိပေးသင့်တယ်လို့လည်း သူ အကြံပြုပြောဆို ထားပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာလည်း ဆေးခြောက်ကို တရားဝင် စိုက်ပျိုး၊ဖြန့်ဖြူးရောင်းချခွင့် ပေးထားပေမယ့် လူမြင်ကွင်းမှာ ဆေးခြောက်သောက်တာ၊ အပန်းဖြေစရာအဖြစ် အသုံးပြုတာနဲ့ တကိုယ်ရည် အသုံးပြုတာတွေအတွက်ကို တားမြစ်ထားပါတယ်။
ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးအတွက်အသုံးပြုဖို့ ၂၀၁၈ ခုနှစ်မှာ အာရှမှာ ပထမဆုံး ခွင့်ပြုခဲ့တဲ့ နိုင်ငံဖြစ်သလို ၂၀၂၂ ခုနှစ်မှာ ဆေးခြောက်ကို တားမြစ်ကန့်သတ်ထားတဲ့မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ပြီး ကုန်သွယ်ခွင့်ပြုလိုက်တဲ့ အရှေ့တောင်အာရှရဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။


