Homeပြည်တွင်းသတင်းတပ်သားသစ်အဖြစ်ဝင်ရောက်လာတဲ့ ဗမာ ၁၃ ယောက်ကို MNDAA ကြိုဆိုပွဲကျင်းပ

တပ်သားသစ်အဖြစ်ဝင်ရောက်လာတဲ့ ဗမာ ၁၃ ယောက်ကို MNDAA ကြိုဆိုပွဲကျင်းပ

၂၆ ဩဂုတ်၊ ၂၀၂၄

ကိုးကန့်တပ်မတော်(MNDAA)ကို တပ်သားသစ်အဖြစ် ဝင်ရောက်လာတဲ့ မြန်မာ ၁၃ ဦးကို တပ်သားသစ်ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

တပ်သားသစ်ကြိုဆိုပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က MNDAA တပ်စခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ ဒုတိယအတွင်းရေးမှူးနဲ့ ဒေသခံ စစ်ဘက်နှင့် နိုင်ငံရေးဌာနက တာဝန်ခံပုဂ္ဂိုလ်များတက်ရောက်ခဲ့ပြီး ကိုမိုးထွန်း ဦးဆောင်တဲ့ ဗမာရဲဘော် ၁၃ဦးက MNDAA မှာ ပါဝင်ဖို့ MNDAAတပ်မတော်အလံရှေ့မှာ ကတိသစ္စာပြုခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြားမှာ လူမျိုးရေးအမုန်းပွားအောင် စစ်ကောင်စီဘက်က သတင်းမှားတွေ ထုတ်လွှင့်နေတဲ့အချိန်မှာ တပ်ထဲဝင်လာတဲ့ ဗမာရဲဘော်သစ်တွေကို ကြိုဆိုတယ်လို့ MNDAA တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

MNDAAမှာ ကိုးကန့်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ ဗမာရဲဘော်အများအပြားရှိတယ် လို့ MNDAA က ဆိုပါတယ်။ ၂၀၁၅ ထဲက ဗမာစစ်သုံ့ပန်းတွေနဲ့ လက်နက်ချအလင်းဝင်သူတွေဟာ မဟာမိတ်တပ်ကို တရားဝင် ဝင်ရောက်ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

MNDAA ဟာ ဩဂုတ် ၁၇ ရက်က ၂၀ ရက်အထိ “လားရှိုးဧရိယာစစ်ရေး အုပ်ချုပ်မှုကော်မတီ” လူထုလုပ်ငန်းအဖွဲ့ ဟာ လားရှိုးမြို့ပေါ်မှာ လူထုဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီလူထုလုပ်ငန်းအဖွဲ့ကို ကွတ်ခိုင်ခရိုင်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး Mr. Li Xinhai က ဦး ဆောင် တာ ဖြစ်ပါတယ်။ ဒီလေးရက်ကြာ ဆွေးနွေးပွဲတွေမှာလည်းတပ်သားသစ်အဖြစ် ဝင်ရောက် လိုသူတွေကို ဖိတ်ခေါ်ကြောင်းပြောသွားတယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်မှာ MNDAA ဟာ ကိုးကန့်မဟုတ်တဲ့တိုင်းရင်း သားလူမျိုး ပေါင်းစုံပါဝင်ဖွဲ့စည်းထားတဲ့ တပ်မဟာ ၆၁၁ ကို အသစ်ဖွဲ့စည်းခဲ့ပါတယ်။ MNDAA တပ်မဟာ ၆၁၁ ဟာ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ပါတယ်။

ပုံစာ- (ဗမာတပ်သားသစ်များကို ကြိုဆိုပွဲအခမ်းအနားပြုလုပ်စဉ်)

Photo – The KoKang

ဆက်စပ် သတင်းများ

Most read