Homeပြည်တွင်းသတင်းတန့်ယန်းမြို့မြောက်ပိုင်းကိုသိမ်းယူပြီးနောက် သံလွင်မြစ်ပေါ်ရှိတရုတ်ရေကာတာစီမံကိန်းတွေအတွက် (UWSA)တပ်ဖွဲ့ မှလမ်းခင်းပေးနေ

တန့်ယန်းမြို့မြောက်ပိုင်းကိုသိမ်းယူပြီးနောက် သံလွင်မြစ်ပေါ်ရှိတရုတ်ရေကာတာစီမံကိန်းတွေအတွက် (UWSA)တပ်ဖွဲ့ မှလမ်းခင်းပေးနေ

၅ စက်တင်ဘာ၊၂၀၂၄

ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့မြောက်ပိုင်းကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဇူလိုင်လအတွင်းက ဝင်ရောက်သိမ်းပိုက်ပြီးနောက် သံလွင်မြစ်ပေါ်ရှိတရုတ်ရေကာတာစီမံကိန်းတွေအတွက် လမ်းခင်းခြင်းလုပ်ငန်းတွေ လုပ်ဆောင်လာတာကြောင့် တန့်ယန််ပြည်သူတွေ စိုးရိမ်နေရတယ်လို့ Shan State Frontline Investment Monitor က စက်တင်ဘာ ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

လက်ရှိ တန့်ယန်းမြို့မြောက်ဘက်ကို အင်အားတိုးချဲ့လာတဲ့ UWSA တပ်ဖွဲ့သည် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ မှသံလွင်မြစ်ထဲကို စီး၀င်တဲ့ မြစ်လက်တက်ဖြစ်တဲ့ နမ့်မမြစ်ပေါ်မှာ တည်ဆောက် နေတဲ့ ၂၂၅ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာစီမံကိန်းနဲ့ မျက်နှာခြင်းဆိုင် သံလွင်မြစ်အနောက်ဘက်ကမ်းကိုထိန်းချုပ်နေရာယူထားတယ်လို့ သိရပါတယ်။

မန်တုံရေကာတာစီမံကိန်းကို တရုတ်အစိုးရပိုင် Hydrochina ကော်ပိုရေးရှင်းနဲ့ မြန်မာစစ်တပ်မှ ခရိုနီတွေပိုင် ဆိုင်တဲ့ IGE ကုမ္ပဏီတို့မှ ဖက်စပ်လုပ်ဆောင်တဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ၁၂၀၀ မဂ္ဂ၀ပ်ရှိတဲ့ နောင်ဖာရေကာတာစီမံကိန်း တည်ဆောက်မှုသဘောတူညီမှုတွင် တစ်ခုအပါအ၀င်ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါရေကာတာစီမံကိန်းနှစ်ခုလုံးကို BOT စနစ်နဲ့ တည်ဆောက်ဖို့ စီစဥ်ထားတဲ့ စီမံကိန်းတွေဖြစ်ပြီး ထွက်ရှိ လာမည့်စွမ်းအင်ရဲ့ အနည်းဆုံး၅၀ % ကို တရုတ် နိုင်ငံသို့တင်ပို့ရန်လျာထားတာဖြစ်တယ်လို့ Shan State Frontline Investment Monitor က ဖော်ပြပါတယ်။

အဆိုပါရေကာတာနှစ်ခုလုံးနဲ့ ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနစ်ဒီဇင်ဘာလမှာ တရုတ်ဒုသမ္မတ ရှီကျင်းဖျင့် နေပြည်တော်ကို လာရောက်စဥ်က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူ ညီမှုစာချုပ်ကို ၂၀၁၄ ခုနစ် မေလ သိန်းစိန်အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောင်ဖာရေကာတာစီမံကိန်းရှေ့ဆက်လုပ်ဆောင်မှုကို ပြည်သူလူထုမှပြင်းပြင်းထန်ထန် ဆန့်ကြင်ခဲ့ကြပေမယ့် UWSA တပ်ဖွဲ့မှ ၄င်းတို့ထိန်းချုပ်ရာဒေသအတွင်း မန်တုံရေကာတာစီမံကိန်းကို တိတ်တဆိတ် တည်ဆောက်ဖို့ ခွင့်ပြုထားကြောင်းနဲ့ ဂြိုလ်တုမြေပုံတွေရဲ့ ပြသချက်အရ နမ့်မ မြစ်ကမ်းနှစ် ဘက်လုံးတွင်ရေကာတာ ဖောင် ဒေးရှင်းတည်ဆောက်ရန်စီစဥ်နေမှုတွေ တွေ့နေရတယ်လို့ Shan State Frontline Investment Monitor က ဆိုပါတယ်။

၂၀၂၄ သြဂုတ်လ ဒုတိယပတ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦး နောင်ဖာရေကာတာစီမံကိန်းနေရာကို သွားရောက်လည်ပတ်ခဲ့ကြပြီး ၄င်းတို့ကို SUV ကားတွေနဲ့ သံလွင်အရှေ့ခြမ်းဘက်မှ တာကော်အက်တံတား ကိုဖြတ်သန်းကာ တန့်ယန်း မြို့မြောက်ဘက်မှ ရေကာတာစီမံကိန်းကို UWSAတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။

ယခုနှစ်အတွင်းရှမ်းပြည်ရဲ့ မကြုံစဖူးရေလွမ်းမိုးမှုတွေမှာ ၄င်းစိုးရိမ်မှုကိုမီးမောင်းထိုးပြနေပြီး တရုတ်အနေနဲ့ သံလွင်ရေကာတာစီမံကိန်းတွေအပေါ် လူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကိုဂရုပြုကာ မြန်မာပြည် အရှေ့ပိုင်းရဲ့ အဓိကအသက်သွေးကြောပေါ်မှာ ဆည်ဆောက်ရန်စီစဥ်နေမှုတွေကို လျင်မြန်စွာပယ်ဖျက်သင့် ကြောင်းနဲ့ စင်္ကာပူနိုင်ငံအနေနဲ့လည်း Surbana Jurong’s ကုမ္ပဏီခွဲ SMEC ကို နောင်ဖာနဲ့ မန်တုံရေကာတာစီ မံကိန်းနှစ် ခုလုံးမှာ ပါ၀င်နေမှုတွေကို အမြန်ဆုံးရပ်တန့်သင့်ကြောင်း Shan State Frontline Investment Monitor က တောင်းဆိုထားပါတယ်။

နောင်ဖာရေကာတာမှာ သံလွင်မြစ်ပေါ်မှာ တရုတ်ကုမ္ပဏီတွေက တည်ဆောက်ဖို့စီစဥ်ထားတဲ့ ရေကာ တာ တွေအနက် ရှမ်းပြည်အတွင်းမှာ အကြီးဆုံးတစ်ခုဖြစ်ပြီး အခြားနှစ်ခုမှာ မြောက်ပိုင်းရှိ ၁၄၀၀ မဂ္ဂ၀ပ်ရှိ ကွန်လုံရေ ကာတာ နဲ့ ရှမ်းပြည်တောင်ပိုင်းရှိ ၇၀၀၀ မဂ္ဂ၀ပ်ရှိ မန်တုံရေကာတာတို့ဖြစ်ပါတယ်။

ပုံစာ-( ရှမ်းပြည်နယ်မြောက်ပိုင်းသံလွင်မြစ်ပေါ်ရှိ တရုတ်နိုင်ငံက တည်ဆောက်နေသည့် ရေကာတာစီမံကိန်းများ)
Photo – Shan State Frontline Investment Monitor

ဆက်စပ် သတင်းများ

Most read