၁၇ နိုဝင်ဘာ၊ ၂၀၂၄
စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်က ရွာ ၁၅ ရွာဟာ စစ်ကောင်စီ စစ်ကြောင်းထိုးနေပြီး ပစ်ခတ်သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာကြောင့် ဒေသခံအရပ်သား ၇၀၀၀ ကျော် နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
တန့်ဆည်မြို့နယ်အရှေ့တောင်ခြမ်းရှိ တပ်သစ်၊ ကြို့ထိန်း၊ ရွာသူကြီး၊ ကလဇင်ရွာတွေနဲ့ ရေဦးမြို့နယ်မြောက်ဘက်ခြမ်းရှိ ရွာဘုကြီး၊ ဆီဆုံ၊ ပေကုန်း၊ ဇီးမ၊ ရွာရှည်၊ မုန်တိုင်ပင်၊ အင်ပင် စတဲ့ရွာတွေက အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။
တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းက ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ အင်အား ၅၀ ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခပေါင်းကြိုင်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့နေပြီး မီးရှို့ခံရတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။
ဒီစစ်ကြောင်းကြောင့် တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်းက တနယ်၊ ခပေါင်းကြိုင်၊ စိမ်းစား၊ အရှေ့ကုန်းရိုး အနောက်ကုန်းရိုးစတဲ့ရွာတွေက အရပ်သားနှစ်ထောင်ကျော်လည်း စစ်ကြောင်းနဲ့လွတ်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၆ ရက်ညနေပိုင်းမှာ ခပေါင်းကြိုင်ကျေးရွာက လူနေအိမ်တွေကို မီးရှို့ခဲ့သလို နိုဝင်ဘာ ၁၇ ရက် မနက်မှာလည်း ကန့်ဘလူဘက်က ထွက်လာတဲ့ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်က ရွာဘုကြီးရွာ၊ ကလဇင်ရွာ၊ ပေကုန်းရွာ၊ ဇီးမရွာ စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
နိုဝင်ဘာ ၁၇ ရက်မနက်ပိုင်း စစ်ကြောင်းဟာ အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိတဲ့ ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ် ခေါ်သွားပြီး အဖမ်းဆီးခံရတဲ့လူဦးရေအရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ပုံစာ – တန့်ဆည်မြို့နယ် ကံထူးရွာမတိုက်ပွဲအပြီး (ပုံဟောင်း)
Photo – NUG