၁၂ ဇန်နဝါရီ၊ ၂၀၂၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းက စန်လွန်ရွှေမှော်နဲ့ လပူခရွှေမှော်တွေကို ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စန်လွန်ရွှေမှော်က ရွှေဆိုင် ၉ ဆိုင်ထက်မနည်း ပျက်စီးပြီး အရပ်သား ၁၅ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ လပူခရွှေမှော်ဘက်မှာတော့ လူသေဆုံးထိခိုက်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
“ဗုံးကြဲတာ နှစ်နေရာပါ။ လူသေတာ စန်လွန်မှော်ဘက်မှာ သေဆုံးတာ၊ ရွှေလုပ်ကွက်တွေ ရွှေဆိုင်တွေဆီကနေ စားလို့မရတဲ့အတူ ဖျက်ဆီးပစ်တာလို့ မြင်ပါတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောဆိုပါတယ်။
ရွှေမှော်တွေမှာ အရင်က စစ်ကောင်စီတပ်စခန်းတွေ ရှိပေမယ့် အခုမရှိတော့ဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။ စန်လွန်ရွှေမှော်ကို အစောပိုင်းထဲက အင်တာနက်နဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့်အသေးစိတ်အချက်အလက်တွေ ထပ်ပြီး မသိရသေးပါဘူး။
စစ်ကောင်စီက ဗုံးကြဲမှာစိုးရိမ်ရတဲ့အတွက် တနိုင်းက ရွှေလုပ်ကွက်တွေ လတ်တလောရပ်ဆိုင်းထားပါတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာပဲ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ဆယ်ဦးထက်မနည်း ထိခိုက်သေဆုံးရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – ကချင်တောင်တန်း