Homeပြည်တွင်းသတင်းတနင်္သာရီတိုင်းအတွင်း လူ ခြောက်သောင်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

တနင်္သာရီတိုင်းအတွင်း လူ ခြောက်သောင်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

၁၆ ဇန်နဝါရီ၊ ၂၀၂၅

တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူမှာ ခြောက်သောင်းခွဲကျော် (၆၅၈၀၀) ရှိနေပြီဖြစ်ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဇန်နဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုအကြိမ် သုံးဆယ်ကျော်ရှိခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်ထဲက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာတော့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းခွဲကျော် (၂၅,၉၀၀) ရှိနေပါတယ်။ လောင်းလုံးမြို့နယ်တစ်ခုတည်းမှာတိုက်ပွဲတွေ၊ စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ပြည်သူ ၁၀,၀၀၀ ဝန်းကျင်ရှိနေပြီလို့ ဆိုပါတယ်။

မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှု၊ ရေ ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉,၄၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီထဲက ပုလောစစ်ရှောင်စခန်းတွင် နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ကျန်တဲ့သူတွေက နီးစပ်ရာတောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်တွေကို ထွက်ပြေးရတာဖြစ်ပါတယ်။ ပုလောမြို့နယ်တစ်ခုတည်းမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၈,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တနင်္သာရီတိုင်းက အရပ်သားပြည်သူ ခုနစ်ဦး သတ်ဖြတ်ခံရပြီး နေအိမ် ၂၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ FE5 Tanintharyi က ဖော်ပြပါတယ်။ အရပ်သား ဖမ်းဆီးခံရမှု အခြေအနေက ဆက်ရှိနေဆဲဖြစ်ပြီး တစ်လအတွင်း ဒေသခံ ၃၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – FE5 Tanintharyi

ဆက်စပ် သတင်းများ

Most read