၂၁ ဖေဖေါ်ဝါရီ၊ ၂၀၂၅
တနင်္သာရီတိုင်းအတွင်းမှာ တိုက်ပွဲ နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၇,၂၀၀ ကျော်အထိရှိခဲ့တယ်လို့ FE5Tanintharyi က ဒီနေ့မှာထုတ်ပြန်ပါတယ်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က ကုန်သွယ်ရေးလမ်းမကြီးတွေနဲ့ ၊ ရေနက်ဆိပ်ကမ်း ကို နယ်မြေရှင်း လင်းဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားမှု၊ လေ ကြောင်း၊ ရေကြောင်းက တိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ အရပ်သား ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှု ပိုများလာခဲ့ တာဖြစ်တယ် လို့ ဆိုပါတယ်။
ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေက နေရပ်စွန့် ခွာထွက်ပြေးခဲ့ရသော ပြည်သူ အနည်းဆုံး ၃၇,၃၀၀ ကျော်ရှိခဲ့ပြီး မြိတ်ခရိုင် ပုလော၊ တနင်္သာရီ၊ မြိတ် နဲ့ ကျွန်းစုမြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားမှု၊ ရေ ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၉,၉၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့အနက် ပုလောစစ်ရှောင်စခန်းမှာ နေထိုင်သူ ၃၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ကျန်သူများမှာ နီးစပ်ရာ တောတောင်၊ ခြံ၊ ရွာ၊ မြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ပုလောမြို့နယ်တစ်ခုတည်းတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁၉,၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၈,၄၀၀ ခန့် ရွာလုံးကျွတ် ထွက် ပြေးခဲ့ကြရတယ်လို့ FE5Tanintharyi က ထုတ်ပြန်ထားပါတယ်။
ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ်၊ တနင်္သာရီ နဲ့ ပုလောမြို့နယ်တွေကို စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ထားပြီး အချို့စစ်ရှောင်တွေအနေနဲ့ လပေါင်းများစွာ အကူအညီမရရှိဖြစ်တယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် USAID ရပ်နားလိုက်ခြင်းကြောင့် တိုင်းအတွင်းရှိ စစ်ဘေးရှောင်အဖွဲ့တွေရဲ့ ကူညီပေးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့သလို စစ်ရှောင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေလည်း ပိုမို ခက်ခဲလာ နေတယ်လို့ သိရပါတယ်။
Photo -FE5Tanintharyi