၆ ဖေဖေါ်ဝါရီ ၊၂၀၂၅
စစ်ကောင်စီက တစ်လအတွင်း အရပ်သား (၂၃ )ဦးကို နိုင်ငံရေး နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။
AAPP ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၃) ဦး နဲ့ အမျိုးသား (၂၀) ဦး စုစုပေါင်း (၂၃) ဦးကို နိုင်ငံရေး နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာနေ မပွင့်ဖူးဝေ ကို လူမှုကွန်ရက်ပေါ်မှာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေရေးတင်တယ်လို့ စွပ်စွကာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဆိုပါကာလအတွင်း နိုင်ငံတဝန်းရှိ စစ်အုပ်စုရဲ့ လက်အောက်ခံတရားရုံးတွေမှ မတရားပုဒ်မ တွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး (၁၃) ဦး နဲ့ အမျိုးသား (၃၉) ဦး စုစုပေါင်း (၅၂) ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါအရေအတွက်အတွင်း စစ်ကိုင်းတိုင်းမှ (၃၆) ဦး နဲ့ အများဆုံးထောင်ဒဏ်ချမှတ်ခံထားရပြီး ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ (၄) ဦး အထိပါဝင်နေတယ်လို့လည်း သိရပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် မတရားအာဏာလုမှုဖြစ်စဉ် နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၀၁) ဦးရှိပြီး ထိုအထဲမှ (၂၁၇၇၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ (၁၀၂၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ယ်လို့ AAPP က ကောက်ယူထားတဲ့အချက် အလက် တွေအရ သိရပါတယ်။