၂၄ အောက်တိုဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီလေတပ်က အောက်တိုဘာလ ၂၃ ရက်မှာ တစ်နေ့ထဲ နှစ်ခါ ဗုံးကြဲသွားပြီး ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ လူထိခိုက်မှု ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ လားရှိးမြို့အဝင် မယ်ဟန်ရွာက ရိုးရာဆန်အရက်ချက်စက်ရုံ နဲ့အနီးဝန်းကျင်နေအိမ်တွေကို ဗုံး ၂ ခါ ကြဲချ ပြီး စက်ရုံနဲ့ လူနေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ညနေ ၃ နာရီ ဝန်းကျင်မှာ ထပ်ပြီး လားရှိုးမြို့ ပြည်နယ်ကျန်းမာရေးရုံး၊ မီးသတ်စခန်းနဲ့ အမှတ် ၁ ရဲစခန်းအနီးက ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီသုံ့ပန်းတွေ ထားရှိတဲ့ လားရှိုးမြို့ အကျဉ်းထောင်ကို ဗုံးကြဲတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေပေမယ့် အတည်ပြုလို့မရသေးဘူး။
“အမှတ် ၁ ရဲစခန်းဘက်ကို ဗုံးချတာပါ။ လူအထိအခိုက်ရှိပါတယ်။ ရဲစခန်းနားမှာလည်း ဈေးဆိုင်တန်းလေးတွေ ရှိပြီး လူမပြတ်ဘူး။ အဲ့ဒီ့နားက မီးသတ်ရုံး၊ ကျန်းမာရေးရုံး အကုန်ရှိနေတာမို့ တမင် ချတာနေမှာပါ။ အချုပ်ထဲ လည်း လူတွေ ရှိတယ်လို့ကြားတယ်။ ဘယ်နယောက်ထိလဲတော့ မသိပါဘူး။” လို့ လားရှိုးဒေသခံက New Day Myanmar ကို ပြောပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စတားလင့်လိုင်းများကိုသာ အသုံးပြုနေရပါတယ်။
လားရှိုးမြို့ခံအများစုက မြို့ပြင်ထွက်ပြီး ၁၂ မိုင်၊ ၁၅ မိုင်စတဲ့နေရာတွေက ဖုန်းအသုံးပြုချင်း၊ အင်တာနက် သုံးခြင်းတွေကို လုပ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာလကစပြီး အကြိမ် ၂၀ ထက်မနည်း လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်နေပြီးအောက်တိုဘာ ၂၂ နဲ့ ၂၃ မှာ ၂ ရက်အတွင်း ၃ ကြိမ် လာရောက်ဗုံးကြဲ တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပုံစာ – အောက်တိုဘာ ၂၃ မနက်ပိုင်းက ရိုးရာဆန်အရက်ချက်စက်ရုံကို ဗုံးဒဏ်ကြောင့်မီးလောင်ပျက်စီးနေပုံ
Photo – CJ