၁၄ နိုဝင်ဘာ၊ ၂၀၂၄
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)မှာ စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးနဲ့အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU – ဗဟိုက ထုတ်ပြန်ပါတယ်။
ကျောက်ကြီး(လယ်ဒို) မြို့နယ်နှင့် မုန်း(မူး)မြို့နယ်မှာ ရှိတဲ့ အရပ်သား ပြည်သူတွေရှိရာကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက ကျောက်ကြီးမြို့နယ်၊ ပိန်းဇလုပ်အခြေစိုက်ခလရ-၂၆၄ တပ်ရင်းက ကျောက် ကုန်းကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ထိမှန်ပြီး (၆)လအရွယ်နဲ့ (၈)နှစ်အရွယ်ကလေးငယ် နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နိုဝင်ဘာ၁၂ရက် ညပိုင်းက ခလရ-၂၆၄ တပ်ရင်းက ဝမ်းချဲကျေးရွာ၊ မက်စလီကုန်း ကျေးရွာ နဲ့ ကျောင်းကုန်း ကျေးရွာတွေကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ကညှင်ကြိုးကျေးရွာ၊ ချိန်းကြောင်းတံတားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
မုန်းမြို့နယ်မှာလည်း နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ ခမရ-၄၃၉ တပ်က မျက်နီကွင်းကျေးရွာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၂၀နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသေဆုံးခဲ့ပြီး သက်ကြီးအမျိုး သမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ရက် မနက်ပိုင်းကလည်း စစ်ကောင်စီပူးပေါင်းတပ်က (၁၂၀) မမ လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့တဲ့အတွက် ထွနီကုန်းကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
Photo – KNU ဗဟို