Homeနိုင်ငံတကာသတင်းဆီးရီးယားနိုင်ငံမြို့တော်ကို သူပုန်တွေ သိမ်းပိုက်ပြီး အာဏာရှင် သမ္မတ အာဆတ် ထွက်ပြေး

ဆီးရီးယားနိုင်ငံမြို့တော်ကို သူပုန်တွေ သိမ်းပိုက်ပြီး အာဏာရှင် သမ္မတ အာဆတ် ထွက်ပြေး

၈ ဒီဇင်ဘာ၊ ၂၀၂၄

ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်မှာ Abu Mohammed al-Jolani ဦးဆောင်တဲ့ သူပုန်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်ထဲအထိ ရောက်ရှိလာပြီးနောက်မှာ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Bashar al-Assad ဟာ လေယာဉ်နဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဆီးရီးယားရဲ့ တတိယမြို့တော် ဟုမ်းစ်ကို အပြည့်အဝ သိမ်းပိုက်ပြီး မကြာမီမှာ ဒမတ်စကပ်မြို့တွင်း ဝင်ရောက်လာတာဖြစ်ပါတယ်။ အာဆတ်ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ဒမတ်စကပ်မြို့ထဲက ထွက်ပြေးတိမ်းရှောင်သွားတာ သေချာကြောင်း သတင်းတွေက ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ သမ္မတအာဆတ်ရဲ့ ဖခင်ဖြစ်သူ Hafed Al-assad ဟာ ဆီးရီးယားကို ၁၉၇၀ ကနေ စတင်အာဏာသိမ်းခဲ့ပြီး ၅၄ နှစ်ကြာ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အာဏာရှင် အာဆတ်ကို ဆန့်ကျင်တဲ့ ဆီးရီးယားပြည်သူတွေကို လူမဆန်တဲ့ ရက်စက်မှုတွေနဲ့ အကြမ်းဖက်နှိမ်နင်းပြီး အာဏာသိမ်းထားတဲ့ အာဆတ်ဟာ သူ့အုပ်ချုပ်မှုအောက်မှာ လူ ၆ သိန်းလောက်ထိ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ဆီးရီးယားက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Saydnaya အကျဥ်းထောင်ကြီး ပွင့်ထွက်သွားပြီး အကျဥ်းသားတွေ ထွက်ပြေးနေကြတာကို မြင်တွေ့ရပါတယ်။ ဒီထောင်မှာ အာဆတ်ကို ဆန့်ကျင်တဲ့သူတွေကို နှိပ်စက်၊ ပြစ်ဒဏ်ချခဲ့တာပါ။

မြို့ထဲကို ဝင်ရောက်လာတဲ့ Hayat Tahrir al-Sham အဖွဲ့ခေါင်းဆောင် ဂျိုလာနီကတော့ အစိုးရပိုင်ပစ္စည်းနဲ့ အဖွဲ့အစည်းတွေကို မထိပါးဖို့နဲ့ သူတို့ကို တရားဝင် အာဏာမလွှဲပြောင်းမီထိ ဝန်ကြီးချုပ်ထိန်းသိမ်းမှုလက်အောက်မှာပဲ ထားရှိမယ်လို့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို သူ့ရဲ့ telegramလူမှုကွန်ယက် အကောင့်ကတဆင့် တင်းတင်းကြပ်ကြပ် အမိန့်ပေးထားပါတယ်။

ဆီးရီးယားဝန်ကြီးချုပ် Mohammad Ghazi al-Jalali ကလည်း အုပ်ချုပ်မှု အာဏာကို ပြည်သူတွေလက်ထဲ လွှဲပြောင်းပေးဖို့ အသင့်ရှိနေကြောင်း ဒီဇင်ဘာ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ကြေညာထားပါတယ်။

ဆီးရီးယား တပ်မတော်အကြီးပိုင်းအရာရှိတွေကလည်း သမ္မတ အာဆတ်ရဲ့အုပ်ချုပ်မှုအာဏာက ကုန်ဆုံးသွားပြီလို့ ပြောဆိုထားကြောင်း ဆီးရီးယားတပ်မတော်က အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယားအရေးနဲ့ပတ်သတ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ကလည်း သေချာစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ပုံစာ – အာဆတ်ထွက်ပြေးပြီးနောက်အောင်ပွဲခံနေတဲ့ဆီးရီးယားတပ်များနဲ့ပြည်သူများ

Photo – CNN, The Newyork Time

ဆက်စပ် သတင်းများ

Most read