မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာမှာဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာဝန် မိသားစု အပါအဝင် ပြည်သူ(၁၁)ဦး သေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကိုရှုတ်ချကြောင်းနဲ့ တရားမျှတမှု ရအောင် လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်က ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့က လေ ကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ လေးလသားအရွယ် ကိုယ်ဝန် လွယ်ထားရသူ ၎င်းရဲ့ ဇနီးဖြစ်သူ သူနာပြုဆရာမ ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် လူနာစောင့် နဲ့ ပြည်သူ ၈ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ် ပြု ကြောင်းနဲ့ သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ၊ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ကြေ ကွဲဝမ်းနည်းရတယ်လို့ NUG ကျမ်းမာရေးဝန်ကြီးဌာက က ဆိုထားပါတယ်။
သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွား မှာဖြစ်ကြောင်းနဲ့အကြမ်းဖက်စစ်ကောင်စီ နဲ့ ၎င်းတိုရဲ့ လက်ပါးစေတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
ယခု လေကြောင်းတိုက်ခိုက်ခံရသည့် ဒေါက်တာ မြစိုးအောင် နဲ့ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန် နဲ့ အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDMပြုလုပ်ကာ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွေအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ပုံစာ – (၂၀၁၉ ခုနှစ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံရှေ့တွင် မြင်တွေ့ရခဲ့သော လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရသည့် တိုက်နယ်ဆရာဝန် ဒေါက်တာမြစိုးအောင်နှင့် ဇနီးဖြစ်သူ အထက်တန်းသူနာပြု ဒေါ်ခိုင်နှင်းဝေ)
ဓာတ်ပုံ – NUG (ကျန်းမာရေးဝန်ကြီးဌာန)