Homeပြည်တွင်းသတင်းဆင်ဂွတ်ရွာ လေကြောင်းကဗုံးကြဲခံရပြီး ၁၈ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိ

ဆင်ဂွတ်ရွာ လေကြောင်းကဗုံးကြဲခံရပြီး ၁၈ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိ

၂၇ ဇန်နဝါရီ၊ ၂၀၂၅

ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီခွဲဝန်းကျင်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ဂွတ်ကျေးရွာကို စစ်ကောင်စီလေတပ်က လေကြောင်းက ပေါင် ၂၀၀ ဗုံးသီးနှစ်လုံးနဲ့ ဗုံးကြဲခဲ့တဲ့အပြင် စစ်တပ်သုံး MI 35 ရဟတ်ယာဉ်နဲ့ ထပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၈ ဦးနဲ့ တော်လှန်ရေးရဲဘော်၁၀ဦး သေဆုံးခဲ့ရပြီး လူ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဆင်ဂွတ်ရွာ စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး အဲဒီမှာ တော်လှန်ရေးတပ်သားတွေက ကျေးလက်ဆေးပေးခန်းဖွင့်ထားတယ်လို့ သိရပါတယ်။

စာသင်ကျောင်းမှာ CDM ကျန်းမာရေးဝန်ထမ်းတစ်ချို့က ကျေးလက်ဆေးပေးခန်းတစ်ခု ဖွင့်ထားတာ ဖြစ်ပြီး စာသင်ကျောင်းအပေါ် တည့်တည့်ကို ဗုံးသီးတစ်လုံး၊ စာသင်ကျောင်းဆေးရှေ့ကို ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

“အဓိကက စစ်တပ်ကင်းလှည့်တာတွေကို ဒီရက်ပိုင်း မိုင်းဆွဲကြတယ်။ ပျူစခန်းတစ်ခုကိုလည်း ဝင်တိုက်ထားတာ ရှိတယ်။ မြင်းခြံ တောင်သာ နွားထိုးကြီး ဒီတကြောလုံးကို သူတို့ဘက်က အငြှိုးထားပြီး စစ်ကြောင်းထိုးနေတာတွေလည်း ရှိတယ်၊ လေကြောင်းကလည်း ရက်ခြား တိုက်ခိုက်နေတယ်။ အခုဆိုရင် ဆေးခန်းလုပ်နေတာ သတင်းရလို့ အတိအကျ ဗုံးချတဲ့အပြင် ကျောင်းဝင်းထဲက ထွက်ပြေးတဲ့သူတွေကိုပါ ရဟတ်ယာဉ်ပေါ်ကနေ လိုက်ပစ်တာပါ” လို့ ဒေသခံသတင်းရင်းမြစ်က New Day Myanmar ကို ပြောပါတယ်။

ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံပေါ်တည့်တည့်ကို စစ်ကောင်စီ လေတပ်က ဗုံး ၄ လုံး ကြဲချခဲ့ပြီး ဆေးရုံမှာ ဆေးကုပေးနေတဲ့ CDMဆရာမ ၂ ဦး၊ လူနာ၁ ဦးသေဆုံးပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ CDMဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူလူနာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဆင်ဂွတ်ရွာစာသင်ကျောင်း

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read