၁၈ အောက်တိုဘာ၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့အနီးက စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက် မနက် (၄း၃၀) အချိန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။
စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစပြီး ထိုင်း−မြန်မာ နယ်စပ်တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေက တာဝန်ယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ တပ်မ (၂၂) တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေက လာရောက်တပ်စွဲတဲ့ တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
စွယ်တော်ကုန်းတပ်စခန်းဟာ လေကေ့ကော် မြို့သစ်ကို ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်မှဦ မြဝတီနဲ့ ဖလူးဒေသတစ်လျှောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ပြည်သူလူထုကို အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့တပ်စခန်း တစ်ခုဖြစ်တယ်လို့ KNU ဗဟိုက ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်း သိမ်းပိုက်စဉ်မှာ စစ်သုံ့ပန်းတွေနဲ့ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့လက်နက်ငယ်တွေအပါအဝင် ခဲယမ်းအမြှောက်အများကို သိမ်းနိုင်ခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပုံစာ – စွယ်တော်ကုန်းသိမ်းပိုက်ပြီးနောက် မြင်ရတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်များ
Photo – KNU