Homeပြည်တွင်းသတင်းစွပ်စွဲချက်များကြားက NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးမှ နုတ်ထွက်စာတင်

စွပ်စွဲချက်များကြားက NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ရာထူးမှ နုတ်ထွက်စာတင်

၂၁ ဖေဖော်ဝါရီ ၂၀၂၆

လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားပြုလုပ်မှု၊ မလျော်သြဇာသုံးစွဲမှု စတဲ့ စွပ်စွဲချက်တွေကြောင့် တိုင်ကြားစုံစမ်းခံနေရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ ဟာ ရာထူးကနေ နုတ်ထွက်စာတင်လိုက်ပြီလို့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။

ဒေါ်ကြည်ပြာဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုအပ်နေတာကြောင့် ရာထူးကနေ နုတ်ထွက်စာတင်ခဲ့တာလို့ သတင်းတွေမှာ ဆိုထားပါတယ်။

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို အရေးယူပေးဖို့ CDM ဝန်ထမ်း ၅ ဦး အပါအဝင် စုစုပေါင်း ၁၂ ဦးက မနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ တိုင်ကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါက်တာ ဇော်ဝေစိုး ဦးဆောင်ပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး ၅ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးပြီးနောက် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုးထားတဲ့ “ပြင်းထန်စွာသတိပေးခြင်း” ဆိုတဲ့ ထုတ်ပြန်စာတစ်စောင်ကို ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်အရ ဒေါ်ကြည်ပြာအပေါ် အဂတိလိုက်စားမှု မတွေ့ရလို့ ရာထူးကနေ ထုတ်ပယ်ရမယ့်အဆင့်အထိ မရောက်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဝန်ထမ်းတွေအပေါ် ပြောဆိုဆက်ဆံရာမှာ ချိုသာမှုမရှိတာတွေ့ရတဲ့အတွက် နောက်နောင်မှာ ချိုသာစွာ ပြောဆိုဆက်ဆံဖို့ “ပြင်းထန်စွာ သတိပေး” ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး NUG ယန္တရားအတွင်း ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍ CDM ဝန်ထမ်းအဖွဲ့တွေကလည်း တိုင်ကြားချက်တွေကို ပြန်လည်စိစစ်ပေးဖို့ အဖွဲ့အသီးသီးကနေ ထုတ်ပြန်တောင်းဆိုလာကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး